MySport Myanmar

ဆောက်ဂိတ်က ၅၆နှစ်အတွင်း အင်္ဂလန်ရဲ့ အကောင်းဆုံးနည်းပြပါ ဆိုတဲ့ မက်ဂွိုင်းယား

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတို့ရဲ့ အဓိက ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယား ကတော့ လတ်တလောမှာ အင်္ဂလန် ပရိသတ်တွေရဲ့ ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၆နှစ် အတွင်းမှာ အင်္ဂလန်ရဲ့ အကောင်းဆုံး နည်းပြပါလို့ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၅၁နှစ် အရွယ် အင်္ဂလန်လူမျိုး ထိပ်တန်းနည်းပြ ဂါရတ် ဆောက်ဂိတ်က အင်္ဂလန် လက်ရွေးစင် အသင်းကို ၂၀၁၆ခုနှစ်မှ စတင်ကာ တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ အင်္ဂလန် လက်ရွေးစင် အသင်းက ပြိုင်ပွဲကြီးတွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာဟာ ငြင်းမရတဲ့ အမှန်တရား တခုပဲ ဖြစ်ပါတယ်။

Photo Credit: Metro

ဂါရတ် ဆောက်ဂိတ်ရဲ့ လက်အောက်မှာ အင်္ဂလန်က ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့် အထိ တက်လှမ်းနိုင်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၀ ယူရိုပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ကာ ငွေတံဆိပ်ဆုကို ရခဲ့ပါသေးတယ်။

ဒါပေမယ့် ယူရို ၂၀၂၀ပြိုင်ပွဲ အပြီးမှာ အင်္ဂလန်အသင်းရဲ့ ရလဒ်တွေက အဆိုးဘက်ကို ဦးတည်လာခဲ့ပြီး နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ အုပ်စုပွဲ ၄ပွဲမှာ ၁ပွဲမှ အနိုင်မရခဲ့ပဲ ၂ပွဲသရေ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးကို ပိုင်ဆိုင်ခဲ့သလို နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ ပထမတန်းကနေ ဒုတိယတန်းဆီ တန်းဆင်းရဖို့ နီးစပ်နေပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ အင်္ဂလန်ပရိသတ် အများစုက ဆောက်ဂိတ်ကို ဒေါသထွက်နေကြသလို ရာထူးကနေ နုတ်ထွက်သွားဖို့လည်း တောင်းဆိုနေကြပြီး ဆောက်ဂိတ်ရဲ့ လက်အောက်မှာ အင်္ဂလန်ရဲ့ အဓိက ခံစစ်မှူး ဖြစ်လာတဲ့ ဟယ်ရီ မက်ဂွိုင်းယားကတော့ ဆောက်ဂိတ်ဟာ အင်္ဂလန်သမိုင်းမှာ ဒုတိယမြောက် အကောင်းဆုံး နည်းပြ ဖြစ်ကြောင်း ပြောကြားရင်း ဆောက်ဂိတ်ကို ကာကွယ်သွားခဲ့ပါတယ်။

မက်ဂွိုင်းယားက – “ဆောက်ဂိတ်က ၁၉၆၆ခုနှစ်မှာ အင်္ဂလန်နဲ့အတူ ကမ္ဘာ့ဖလား ရခဲ့တဲ့ နည်းပြ ဆာ အက်ဖ် ရမ်ဆေး ပြီးရင် အင်္ဂလန်နဲ့အတူ အောင်မြင်မှု အများဆုံး ရယူနိုင်ခဲ့တဲ့ နည်းပြတဦးပါ။ ကျွန်တော်တို့က သူနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့ မစောင့်နိုင်တော့သလို သူ့ရဲ့ အရည်အချင်းတွေကို ယုံကြည်ပါတယ်။ သူ့ရဲ့ နိုင်ငံအသင်း နည်းပြဘဝ မှတ်တမ်းတွေက လက်ရှိ နိုင်ငံအသင်း နည်းပြတွေထဲမှာ ဘယ်သူနဲ့မဆို ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဆောက်ဂိတ်အပေါ် ဝေဖန်နေမှုတွေကို နားမလည်ပါဘူး။ ကျွန်တော်တို့က နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ ပထမ အုပ်စုပွဲ (၃)ပွဲမှာ ပိုကောင်းတဲ့ ရလဒ်တွေ ရယူနိုင်ခဲ့သင့်ကြောင်း ဝန်ခံသလို ဟန်ဂေရီကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကလည်း မဖြစ်သင့်ဘူး ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ အားလုံး အနားယူဖို့ လိုအပ်နေပါတယ်။ ကျွန်တော်တို့ ပြည့်ပြည့်ဝဝ အနားယူပြီးရင် အကောင်းဆုံး ခြေစွမ်းတွေနဲ့အတူ ပြန်လာခဲ့ပါ့မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version