ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားကတော့ ယခုနှစ် နွေဈေးကွက် အတွင်းမှာ သူတို့အသင်းထံ ပြန်လည် ရောက်ရှိလာတဲ့ ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ဘောလုံးလောကရဲ့ ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၅ကြိမ်တိုင် ရရှိထားတဲ့ ကစားသမား တဦး ဖြစ်သလို ဘယ်ခြေ ၊ ညာခြေမရွေး ဂိုးသွင်းနိုင်သလို ခေါင်းတိုက်စွမ်းရည်လည်း ကောင်းမွန်တဲ့ တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် ပြီးပြည့်စုံတဲ့ ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရသူပါ။

Photo Credit: Express

ရိုနယ်ဒိုဟာ လက်ရှိ နွေဈေးကွက်အတွင်းမှာတော့ အမှတ်မထင် ဆိုသလို အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ ၂နှစ် + အပို ၁နှစ် ဆိုတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရိုနယ်ဒိုအတွက် ဂျူဗင်တပ်အသင်းထံ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း + အပိုဆုကြေး ယူရို ၈သန်း ပေးချေရမှာပါ။

ရိုနယ်ဒိုလို ထိပ်တန်း တိုက်စစ်မှူး တဦး ပြန်ရောက်လာတာကြောင့် လက်ရှိ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နှစ်အတော်ကြာ ဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ထင်ကြေးပေးမှုတွေ မြင့်တက်လာပြီး မက်ဂွိုင်းယားကလည်း ရိုနယ်ဒိုဟာ ထာဝရ အကောင်းဆုံး ကစားသမား တဦး ဖြစ်တာကြောင့် အသင်းဆီ သူ ရောက်လာတဲ့ အတွက် ပျော်ရွှင်မိကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

Photo Credit: Express

ရိုနယ်ဒိုနဲ့ ပတ်သတ်ပြီး မက်ဂွိုင်းယားက – “ဒါက တကယ်ကို ကောင်းပါတယ်။ (ရိုနယ်ဒို ပြန်ရောက်လာမှု) အခု ကျွန်တော်က အင်္ဂလန်အသင်းနဲ့အတူ ရှိနေတဲ့ အတွက် ကျွန်တော့်ရဲ့ ပစ်မှတ် ကတော့ မနက်ဖြန်မှာ ကစားရမယ့်ပွဲပါ။ ဒါပေမယ့် အသင်းဆီ သူ ပြန်ရောက်လာတာက တကယ်ကို ကောင်းပါတယ်။ ကျွန်တော့် အတွက် သူက အကောင်းတကာ့ အကောင်းဆုံး ကစားသမားပါ။ အသင်းက သူ့ကို ရလိုက်တာဟာ တကယ်ကို ကောင်းပါတယ်။ ပြီးတော့ သူဟာ အဝတ်လဲခန်းထဲမှာရော ၊ ကွင်းထဲမှာပါ အသင်းအတွက် သက်ရောက်မှု အများကြီး ပေးစွမ်းနိုင်သူ ဖြစ်ပါတယ်။ ကစားသမား အားလုံးက သူ့ကို ကြည့်ပြီး အတုယူ ကြိုးစားလို့ ရပါတယ်။ ပြီးတော့ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်က ကျွန်တော်တို့အသင်းကို တိုးတက်အောင် အကူအညီပေးနိုင်မှာပါ။ ကျွန်တော်က သူနဲ့ လာမယ့် ရက်အနည်းငယ် အတွင်း တွေ့ဆုံဖို့ မစောင့်နိုင်တော့ပါဘူး” လို့ ပြောကြားခဲ့တာပါ။