ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ ဟယ်ရီ မက်ဂွိုင်းယားဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အင်္ဂလန် ၁၀-၀ ဆန်မာရီနို ပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုးကို ခေါင်းတိုက် သွင်းယူပေးပြီးနောက် အင်္ဂလန်အသင်းရဲ့ သမိုင်းမှာ ဂိုးအများဆုံး သွင်းယူထားတဲ့ နောက်ခံလူ အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၂၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားဟာ ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းပိုင်း အားနည်းချက်တွေ ရှိနေတာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင် နေရပေမယ့် အင်္ဂလန်အသင်း အတွက် ကစားရတဲ့ ပွဲစဉ်တိုင်းမှာတော့ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်သလို တဖက်အသင်းကိုလည်း သူ့ရဲ့ အမြင့်ဘော အားသာချက်နဲ့ ခြိမ်းခြောက်နိုင်စွမ်း ရှိသူပါ။

Photo Credit: Standard

အင်္ဂလန် ၁၀-၀ ဆန်မာရီနို ပွဲစဉ်မှာလည်း မက်ဂွိုင်းယားဟာ သူ့ရဲ့ အမြင့်ဘော အားသာချက်ကို အပိုင် အသုံးချကာ ပွဲကစားချိန် ၆မိနစ်မှာထဲက အသင်း အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး အဆိုပါ သွင်းဂိုးကြောင့်ပဲ သူ့ရဲ့ ကစားသမားဘဝ ပထမဦးဆုံး အကြိမ် အဖြစ် အင်္ဂလန်အသင်း အတွက် နှစ်ပွဲဆက်တိုက် ဂိုးသွင်းယူပေးနိုင်တဲ့ မှတ်တမ်းကောင်း တရပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit: Standard

ဒါ့အပြင် မက်ဂွိုင်းယားဟာ သူ့ရဲ့ ကစားသမားဘဝမှာ အင်္ဂလန်အသင်း အတွက် ၄၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၇ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းနဲ့ အင်္ဂလန် ဂန္တဝင် ခံစစ်မှူး ဂျွန်တယ်ရီကို ကျော်ဖြတ်ကာ အင်္ဂလန်အသင်းရဲ့ သမိုင်းတလျှောက် ဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့ နောက်ခံလူ အဖြစ် မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

မက်ဂွိုင်းယားဟာ အင်္ဂလန်အသင်း အတွက် သူ သွင်းယူပေးခဲ့တဲ့ သွင်းဂိုး ၇ဂိုး အနက် သွင်းဂိုး ၅ဂိုးကို ယခုနှစ် အတွင်းမှာပဲ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပြီး အင်္ဂလန်အသင်း အတွက် ၂၀၂၁ခုနှစ် အတွင်း ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ ကစားသမား စာရင်းမှာလည်း အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့နောက် ဒုတိယနေရာမှာ ရှိနေပါတယ်။