ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ အင်္ဂလန် ခံစစ်မှူး မက်ဂွိုင်းယားဟာ ယခုနှစ် ဘောလုံးရာသီရဲ့ ကမ္ဘာ့ပွဲချိန်အများဆုံး ကစား ထားတဲ့ ကစားသမားအဖြစ် မှတ်တမ်း ဝင်ခဲ့တယ် လို့ သိရှိရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ လက်စတာအသင်းကနေ မန်ယူအသင်းထံကို စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြစ်တဲ့ ပေါင် ၈၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဗဟိုခံစစ်မှူး မက်ဂွိုင်းယားဟာ ရာသီဝက် ကာလ မတိုင်မီမှာပဲ မန်ယူအသင်းရဲ့အသင်းခေါင်းဆောင် ရာထူးကို ရရှိခဲ့သူ ဖြစ်ပြီး ဒီရာသီမှာ မန်ယူအသင်းရဲ့ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူဆိုလည်း မမှားပါဘူး။

Photo Credit: Bleacher Report

အချက်အလက် မှတ်တမ်းတွေ အရတော့ မနိယူအသင်းရဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယား ဟာ ယခုနှစ် ဘောလုံးရာသီ တစ်ခုလုံးမှာ ကလပ်+နိုင်ငံအသင်း အတွက် စုစုပေါင်း ပွဲ ၆၀ အထိ ကစားပေးထားတယ်လို့ သိရပါတယ်။ မိနစ်နဲ့ ပြောင်းလဲတွက်ချက် ရရင်တော့ မက်ဂွိုင်းယားဟာ ၅၄၁၂ မိနစ်အထိ ကစားခဲ့တာ ဖြစ်ပြီး အဆိုပါ ကစားပေးနိုင်ခဲ့မှုကြောင့်ပဲ ယခုနှစ် ဘောလုံးရာသီရဲ့ ကမ္ဘာ့ပွဲချိန် အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တာလဘ်း ဖြစ်ပါတယ်။ ဒါ့အပြင် မက်ဂွိုင်းယားရဲ့ မန်ယူအသင်းဟာ လက်ရှိမှာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေတာကြောင့် မက်ဂွိုင်းယားရဲ့ ကစားတဲ့ မိနစ်တွေဟာ ပိုပြီး များပြားလာဖို့ ရှိနေပါတယ်။

Photo Credit: Bleacher Report

ကမ္ဘာ့ဒုတိယမြောက် ပွဲချိန်အများဆုံး ကစားခဲ့တဲ့ ကစားသမားအဖြစ် ကိုပင်ဟေဂင်အသင်းရဲ့ ကစားသမား ဗစ်တာနယ်လ်ဆင် က ၅၃၆၆မိနစ် နဲ့ မှတ်တမ်းဝင်ခဲ့ပြီး တတိယမြောက် နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့သူ ကတော့ ဝုဗ်အသင်းရဲ့ ဂိုးသမား ပက်ထရီစီယိုပဲ ဖြစ်ပါတယ်။ စတုတ္ထ နေရာမှာတော့ ဝုဗ်အသင်းရဲ့ ခံစစ်မှူး ကိုဒီက ၅၁၃၀ မိနစ် ကစားကာ ရပ်တည်နိုင်ခဲ့ပြီး ပဉ္စမ နေရာမှာတော့ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ ဂိုးသမား ဖြစ်သူ အော့ဘလက်က ရှိနေခဲ့ပါတယ်။ ပုံမှန်အားဖြင့် အခုလို နိုင်ငံနဲ့ ကလပ် အသင်းအတွက် ပွဲချိန်အများဆုံး ကစားပေးနိုင်တဲ့ ကစားသမားအဖြစ် ဂိုးသမားတွေက သတ်မှတ်ခံခဲ့ရလေ့ ရှိပေမယ့် ယခုနှစ်မှာတော့ ထူးထူးခြားခြား ဆိုသလိုပဲ ပထမနေရာရော ဒုတိယနေရာကိုပါ ဂိုးသမား မဟုတ်တဲ့ ကစားသမားတွေ ရယူနိုင်ခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်