ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာဒါဘီ ပွဲစဉ်မှာတော့ အိမ်ရှင် မန်ချက်စတာ စီးတီးက မြို့ခံပြိုင်ဘက် ဧည့်သည် မန်ချက်စတာ ယူနိုက်တက်ကို ချန်ပီယံအသင်း တသင်းရဲ့ ခြေစွမ်းမျိုးဟာ ဘယ်လိုလဲ ဆိုတာကို ကောင်းကောင်းကြီး သက်သေပြခဲ့ပြီး ၆-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ခြေပြတ် အနိုင်ရရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၉) အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ မန်ချက်စတာ ဒါဘီမှာ နှစ်သင်းစလုံးဟာ လတ်တလောမှာ ခြေစွမ်းကောင်းတွေ အသီးသီး ပိုင်ဆိုင်ထားကြတာကြောင့် အကြိတ်အနယ် ရှိမယ့် ပွဲကောင်းတပွဲ ဖြစ်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြပေမယ့် တကယ်တမ်း ယှဉ်ပြိုင် ကစားကြရာမှာတော့ မန်ချက်စတာ စီးတီးက မန်ချက်စတာ ယူနိုက်တက်ထက် ခြေစွမ်းပိုင်းမှာ အပြတ်အသတ် အသာစီး ရရှိခဲ့ပြီး ကြယ်ပွင့် ကစားသမားတွေ ဖြစ်ကြတဲ့ ဟာလန်းနဲ့ ဖိုဒန်တို့ နှစ်ဦးရဲ့ ဟက်ထရစ်တွေနဲ့အတူ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်ကတော့ မန်ချက်စတာဒါဘီမှာ အာဆင်နယ်နဲ့ လီဗာပူးတို့ကို အနိုင်ရခဲ့တဲ့ လူစာရင်း အတိုင်းသာ ပွဲထွက်လာခဲ့ပေမယ့် ကစားသမားတွေရဲ့ စိုးရိမ်စိတ် လွန်ကဲနေမှုကို ပွဲစထဲက မြင်တွေ့ခဲ့ရပြီး စိုးရိမ်စိတ် လွန်ကဲမှုရဲ့ နောက်ဆက်တွဲ အဖြစ် ကစားကွက်ကို လိုသလို ပုံဖော်နိုင်ခြင်း မရှိခဲ့တာကြောင့် မန်ချက်စတာ စီးတီးရဲ့ ကစားကွက်ကို တားဆီးဖို့ ခက်ခဲခဲ့ကာ သွင်းဂိုးတွေ ဒလဟော ခွင့်ပြုခဲ့ရပြီး ယူနိုက်တက် အတွက် သိက္ခာဆယ် ချေပဂိုးတွေကိုတော့ တောင်ပံတိုက်စစ် ကစားသမား အန်တိုနီနဲ့ လူစားဝင် တိုက်စစ်မှူး မာရှယ်တို့က သွင်းယူပေးခဲ့ကြတာပါ။

အဆိုပါပွဲစဉ်မှာ နှစ်သင်းရဲ့ ခြေစွမ်းပိုင်းက အတော်လေး ကွာဟနေတာကြောင့် ပြောစရာ များများစားစား မရှိခဲ့ပေမယ့် ဒဏ်ရာကြောင့် မန်ချက်စတာဒါဘီပွဲကို လွဲချော်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားဟာ မန်ချက်စတာ ယူနိုက်တက်က မန်ချက်စတာ စီးတီးကို ၆-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်နေချိန်မှာပဲ အရန်ခုံတန်းမှာ ထိုင်ရင်း ရယ်မောနေခဲ့တာကြောင့် ပရိသတ်တွေရဲ့ အမုန်းနဲ့ ရင်ဆိုင်နေရပြန်ပါတယ်။

Photo Credit: Standard

ဟယ်ရီ မက်ဂွိုင်းယားက ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ခံစစ်မှူး ဖြစ်ခဲ့ပေမယ့် အဲရစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာတော့ ပုံမှန် ပွဲထွက်ခွင့် ရဖို့တောင် ရုန်းကန်နေရသူ ဖြစ်ပြီး သူက မန်ချက်စတာ စီးတီးဟာ မန်ချက်စတာ ယူနိုက်တက်ကို ၆-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရနေချိန်မှာ အသင်းရဲ့ ရလဒ်ပိုင်း အတွက် စိတ်ပျက် အားလျော့မှုတွေ ဖြစ်မနေခဲ့ပဲ ဘေးနားမှာ ရှိနေတဲ့ လူငယ် ကစားသမားတွေနဲ့ စကားတချို့ ပြောကာ ရယ်မောနေခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ပျော်ရွှင်နေမှုကို ရုပ်သံသတင်းဌာတွေက အမိအရ ဖမ်းယူ ရိုက်ကူးပြနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေက အသင်းခေါင်းဆောင် ဖြစ်ပေမယ့် အသင်း ရှုံးနိမ့်နေချိန်မှာ စိတ်ခံစားမှု တစုံတရာ မရှိပဲ ရယ်မောနေခဲ့တဲ့ ဟယ်ရီ မက်ဂွိုင်းယားကို အလွန်အမင်း ဒေါသထွက်နေကြကာ ရှုံးနိမ့်နေချိန်မှာ အသင်းနဲ့အတူ မခံစားပေးတဲ့ လူတယောက်ဟာ အသင်းခေါင်းဆောင် ဖြစ်သင့်ရဲ့လား ဆိုပြီး မေးခွန်းထုတ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။