ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွိုင်းယားက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရခဲ့တဲ့ ဖိအားတွေကြောင့် စိတ်ပိုင်းဆိုင်ရာ အတွက် ကုထုံးတွေ ရယူခဲ့ပြီးနောက် စက်တင်ဘာလ ၁၆ရက်နေ့ နောက်ပိုင်း ပထမဦးဆုံး ပွဲထွက် ကစားခွင့် ရခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၁-၀ ဝက်စ်ဟမ်း ပွဲစဉ်မှာ အသင်းရဲ့ ခံစစ်ကြောင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ တပတ်တာ အကောင်းဆုံးအသင်းထဲမှာ ပါဝင်ခွင့် ရခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၁-၀ ဝက်စ်ဟမ်း ပွဲစဉ်မှာ ဟယ်ရီ မက်ဂွိုင်းယားက အသင်းဖော် မာတီနက်ဇ်နဲ့ တွဲဖက်ကာ အသင်းရဲ့ ခံစစ်ကြောင်းကို ဦးဆောင် ကစားခဲ့ပြီး အဆိုပါပွဲစဉ်မှာ မက်ဂွိုင်းယားက ဝက်စ်ဟမ်းရဲ့ ဂိုးသွင်းခွင့်တွေကို အကြိမ်ကြိမ် တားဆီးနိုင်ခဲ့သလို ဘောလုံးရှင်းထုတ်မှု ၈ကြိမ် ၊ ခေါင်းတိုက်ရှင်းထုတ်မှု ၅ကြိမ်တို့ကို ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: BBC

ဒါကြောင့်ပဲ မက်ဂွိုင်းယားက မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းဖော်တွေ ဖြစ်တဲ့ ဒါးလော့ ၊ မာတီနက်ဇ်တို့နဲ့ အတူ Who Scoredရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) အတွက် အကောင်းဆုံး လူစာရင်းထဲမှာ ပါဝင်ခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။

Who Scoredရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) အတွက် တပတ်တာ အကောင်းဆုံးအသင်းဟာ ၄-၄-၂ ကစားကွက်ကို အခြေခံထားပြီး ဂိုးသမားနေရာ အတွက် လီဗာပူးနဲ့ ပွဲစဉ်မှာ အံ့မခန်း လက်စွမ်းတွေ ပြခဲ့တဲ့ မက်စီလီယာက ရွေးချယ်ခံခဲ့ရကာ ခံစစ်ကြောင်းမှာတော့ မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူးတွေ ဖြစ်တဲ့ ဒါးလော့ ၊ မက်ဂွိုင်းယား ၊ မာတီနက်ဇ်တို့နဲ့ အဲဗာတန် ဘယ်နောက်ခံလူ မိုင်ကိုလန်ကိုတို့ ရှိနေခဲ့ပါတယ်။

Photo Credit: BBC

ကွင်းလယ် လေးယောက်တန်းမှာ အာဆင်နယ်အတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ကြတဲ့ နယ်ဆန်နဲ့ အိုဒီဂတ် ၊ မန်ချက်စတာ စီးတီး အတွက် တလုံးထဲသော အနိုင်ဂိုးကို လှပတဲ့ ဖရီးကစ်ကန်ချက်နဲ့ သွင်းယူပေးခဲ့တဲ့ ဒီဘရိုင်းနဲ့ နယူးကာဆယ် အတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဂျိုအယ်လင်တန်တို့ ရွေးချယ်ခံခဲ့ရပြီး အထောင်တိုက်စစ်မှူး နှစ်ဦးရဲ့ နေရာမှာတော့ အသင်းဖော်တွေကို ဂိုးဖန်တီးမှုတွေ လုပ်ပေးနိုင်ခဲ့တဲ့ အာဆင်နယ်ကြယ်ပွင့် ဂျေဇူးနဲ့ နယူးကာဆယ် အတွက် သွင်းဂိုးတွေ သွင်းယူပေးနိုင်ခဲ့တဲ့ ဝီလ်ဆန်တို့ ပါဝင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက မက်ဂွိုင်းယားရဲ့ ခြေစွမ်းဟာ အတက်ဘက်ကို ရောက်လာပြီလို့ ချီးကျူးနေကြပြီး မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကလည်း မက်ဂွိုင်းယားဟာ ထိပ်တန်း ခံစစ်မှူးကောင်း တဦး ဖြစ်တာကြောင့် မက်ဂွိုင်းယားရဲ့ ခြေစွမ်းတွေကို မကြာခင်မှာ မြင်တွေ့ရလိမ့်မယ်လို့ ပြောကြားထားပါတယ်။