အင်္ဂလန်လက်ရွေးစင်အသင်းကို ၂၀၁၆ခုနှစ်ကနေ ကိုင်တွယ်ခဲ့ပြီး အမြင့်မားဆုံး အောင်မြင်မှုတစ်ရပ်အဖြစ် ယူရို-၂၀၂ဝပြိုင်ပွဲမှာ ဒုတိယနေရာကို ရယူပေးနိုင်ခဲ့တဲ့ နည်းပြဂါရတ်ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းနဲ့အတူ လာမယ့် ၂၀၂၂ခုနှစ် နိုဝင်ဘာလအတွင်း ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအထိ စာချုပ်သက်တမ်းက ကျန်ရှိနေသေးတာဖြစ်လို့ ၂၀၂၂ ကမ္ဘာ့ဖလားကိုပါ ဆောက်ဂိတ်နဲ့အတူ ဝင်ရောက်ဆင်နွဲရမယ့်အပေါ် ယုံကြည်မှု ရှိနေတယ်လို့ နောက်ခံကစားသမား ဟာရီမက်ဂွိုင်းရားက ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂၀၁၉ UEFA Nations League ပြိုင်ပွဲနဲ့ ၂၀၂၀ ယူရိုပြိုင်ပွဲတွေကို ဆက်တိုက်ဆင်နွဲခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားမှာ စတုတ္ထနေရာ Nations League မှာ တတိယနေရာနဲ့ ယူရိုပြိုင်ပွဲမှာတော့ ဒုတိယနေရာတို့ကို ရယူနိုင်ခဲ့ပါတယ်။ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ခဲ့ရတဲ့ ယူရို-၂၀၂၀ ဗိုလ်လုပွဲမှာ အိမ်ရှင်ပရိသတ်အတွက် ယူရိုဖလားကြီးကို မရယူပေးနိုင်ခဲ့လို့ ပရိသတ်များစွာရဲ့ ငြိုငြင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဆောက်ဂိတ်ဟာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ အင်္ဂလန်အသင်းကို ထပ်မံကိုင်တွယ်ဦးမယ့်အပေါ် ပရိသတ်တွေက မလိုလားကြပေမယ့် နောက်ခံလူ မက်ဂွိုင်းရားကတော့ သူရဲ့ဆရာသမားကို ယုံကြည်လျက် ရှိနေပါတယ်။

Photo Credit : The Sun

မက်ဂွိုင်းရားက “အရာအားလုံးက တည်တည်ငြိမ်ငြိမ်လေး ဖြစ်နေတာက ကောင်းမွန်ပါတယ်။ သင့်အနေနဲ့လည်း အသင်းအတွက် စိုးရိမ်စရာ ဘာတစ်ခုကိုမှ ဖြစ်စေချင်မှာ မဟုတ်ဘူးလေ။ ဂါရတ်ကိုယ်တိုင်ကလည်း အသင်းကို စတင်တာဝန်ယူချိန်ကနေ အခုထိကို အကောင်းဆုံးတွေ စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ ကျွန်တော်တို့တွေလည်း ဂါရတ်နဲ့အတူ ကျွန်တော်တို့အသင်းကို အသင်းကောင်းတစ်သင်းအဖြစ် သတ်မှတ်လာစေချင်တဲ့ အကြောင်းတွေကိုလည်း ပြောဆိုဆွေးနွေးခဲ့ကြတယ်။ ဒါကြောင့် ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း ဗိုလ်လုပွဲအထိ တတ်လှမ်းနိုင်ခဲ့ရတာက တကယ့်ကို အောင်မြင်မှုတစ်ခုလို့ သတ်မှတ်ရမှာပါ။ ဒါပေမယ့် အခုက ကျွန်တော်တို့တွေအနေနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖို့ ပြင်ဆင်ရပါတော့မယ်။ ပွဲကြီးတွေမှာ အခိုက်အတန့်ကြီးတွေမှာ အောင်အောင်မြင်မြင် ကျော်လွှားနိုင်ဖို့ ယုံကြည်ထားရပါမယ်။ ကျွန်တော်ကတော့ ဂါရတ် အကောင်းဆုံး လုပ်ဆောင်နိုင်တယ် လုပ်ဆောင်နိုင်ဦးမယ်လို့ ယုံကြည်ပါတယ်။ သူက နောက်ထပ် အခွင့်အရေးတွေ ထပ်မံပိုင်ဆိုင်ရဖို့လည်း ထိုက်တန်တဲ့ နည်းပြတစ်ယောက်ပါ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။