မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်က မနက်ဖြန်ညမှာ ကစားသွားမယ့် လီဗာပူးလ်နဲ့ပွဲစဉ်ကို အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယား နဲ့ တိုက်စစ်မှူး အန်တိုနီ မာရှယ်တို့ လွဲချော်သွားတော့မယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ လက်ရှိမှာ ဒဏ်ရာရ ကစားသမားတွေ အလွန်ကို များပြားလျက် ရှိနေရပြီး ကစားသမားတွေရဲ့ အသင်းအတွက် စွမ်းဆောင်မှုတွေကလည်း မေးခွန်းထုတ်စရာ ကောင်းလောက်အောင်ကို ညံဖျင်းလွန်းလျက် ရှိနေရပါတယ်။

Photo Credit : Goal

လက်ရှိမှာ အသင်းရဲ့ ရလဒ်ပိုင်းတွေကလည်း အကျဘက်ကို ရောက်ရှိနေချိန် အန်ဖီးလ်မှာပါ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေလို့ ယူနိုက်တက်အတွက် ခေါင်းခဲစေနိုင်ပါတယ်။ ပိုဆိုးတာက အသင်းမှာ ခြေပြန်မှန်နေတဲ့ မက်ဂွိုင်းယားပါ ဒီပွဲကို လွဲချော်ရမှာက ယူနိုက်တက်အတွက် ထိုးနှက်ချက်ကြီး ဖြစ်သွားစေနိုင်ပါတယ်။

အသင်းခေါင်းဆောင်ဟောင်း မက်ဂွိုင်းယားဟာ ဒီနွေမှ ယူနိုက်တက်ကနေ ရောင်းချခံရဖို့တောင် နီးစပ်ခဲ့ပေမယ့်လည်း အကြောင်းကြောင်းတွေကြောင့် အသင်းမှာ ဆက်နေရရင်းနဲ့ နောက်ဆုံးမှာ ပွဲကစားခွင့်တွေ ရရှိလာခဲ့ပြီး ခြေစွမ်းတွေပါ ပြန်လည် ပြသလာနိုင်ခဲ့ပါတယ်။

Photo Credit : Evening Standard

လက်စတာမှာတုန်းကလို ခြေစွမ်းမျိုးတွေ ပြသလို့နေတဲ့ မက်ဂွိုင်းယားက နိုဝင်ဘာထဲမှာတောင် တစ်လတာ အကောင်းဆုံးဆု (၂)ဆုထိ သိမ်းပိုက်နိုင်ခဲ့ပေမယ့်လည်း ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာပဲ ဒဏ်ရာရရှိသွားခဲ့လို့ ပွဲကို ဆက်မကစားနိုင်တော့ပဲ လူစားပါ လဲခဲ့ရပါတယ်။

အခုလည်း မက်ဂွိုင်းယားဟာ ဒဏ်ရာပြသာနာကနေ မသက်သာသေးလို့ လီဗာပူးလ်နဲ့ ပွဲစဉ်ကို လွဲချော်ရဦးမှာဖြစ်ပြီး ဘိုင်ယန်နဲ့ပွဲကို လွဲချော်ထားတဲ့ မာရှယ်လည်း ဒီပွဲကို ဆက်လက် လွဲချော်ဦးမယ်လို့ တန်ဟက်ဂ်က အတည်ပြုထားပါတယ်။ ဒါပေမယ့် ရပ်ရှ်ဖို့ဒ် နဲ့ လုခ်ရှောတို့တော့ ကစားနိုင်လိမ့်မယ်လို့ တန်ဟက်ဂ်က အသိပေးသွားခဲ့ပါတယ်။