နာမည်ကျော် ဘောလုံးသတင်းထောက် ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမား နိုနီ မာဒူကေးဟာ ဒူးဒဏ်ရာကြောင့် (၂)လခန့် အနားယူသွားရတော့မှာဖြစ်ကြောင်း သိရပါတယ်။
အသက် (၂၃)နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်ချက်စတာ စီးတီးအသင်းနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ အဆိုပါဒဏ်ရာကို ရရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ပွဲကို ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပေမယ့် ပထမပိုင်းအပြီးမှာတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တဲ့ ဘူကာယို ဆာကာနဲ့ လူစားလဲခဲ့ရပါတယ်။
Photo Credit : Reddit
ဒီဒဏ်ရာဟာ အလွန်စိုးရိမ်ရတဲ့ ACL ဒဏ်ရာအမျိုးအစားမဟုတ်ကြောင်း တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ဆေးစစ်ချက်တွေအရ သိရပေမယ့် အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ အာဆင်နယ်ရဲ့ လာမယ့်ပွဲစဉ်အများအပြားကို လွဲချော်တော့မှာဖြစ်သလို အင်္ဂလန်အသင်းရဲ့ နိုင်ငံတကာပွဲစဉ်ကာလတစ်ခုကိုလည်း လွဲချော်မှာဖြစ်ပါတယ်။ မာဒူကေးရဲ့ ဒဏ်ရာဟာ လက်ရှိမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်အသင်းအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
အသင်းရဲ့တိုက်စစ်ပိုင်းမှာ ကိုင် ဟားဗက်ဇ်ဟာ ဩဂုတ်လကုန်ပိုင်းက ဒူးခွဲစိတ်မှုခံယူထားရပြီး ပြန်လည်ကစားနိုင်ခြင်း မရှိသေးသလို ဂါဘရီရယ် ဂျေဇူးကလည်း ဇန်နဝါရီလကတည်းက ACL ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအသင်းမှာ နွေရာသီက ခေါ်ယူထားတဲ့ ဗစ်တာ ယော်ကယ်ရက်စ်ကသာ တစ်ဦးတည်းသော အထောင်တိုက်စစ်မှူးစစ်စစ်အဖြစ် ကျန်ရှိနေတော့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ကလည်း ပခုံးဒဏ်ရာနဲ့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။
Photo Credit : Football Transfer
အာဆင်နယ်နည်းပြ မီခေးလ် အာတီတာက မန်စီးတီးနဲ့ပွဲအပြီးမှာ မာဒူကေး အခြေအနေနဲ့ ပတ်သက်ပြီး “သူက ပွဲအစပိုင်းမှာတင် ပြဿနာတစ်ခုဖြစ်သွားခဲ့ပြီး ပွဲဆက်ကစားဖို့ အခြေအနေမပေးတော့တာပါ။” လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။
ဒီနွေရာသီမှာမှ ချယ်လ်ဆီးအသင်းကနေ ပေါင် (၄၈.၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မာဒူကေးဟာ ၂၀၂၅-၂၆ ရာသီမှာ အသင်းအတွက် ပွဲစဉ် (၆)ပွဲစလုံး ပါဝင်ကစားထားနိုင်ခဲ့ပြီး အသင်းရဲ့အဓိက ကစားသမားတစ်ဦး ဖြစ်နေခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အဖွင့် (၅)ပွဲမှာ (၃)ပွဲအနိုင်ရရှိထားပြီး မနက်ဖြန် (ဗုဒ္ဓဟူးနေ့) မှာတော့ ကာရာဘောင်လိဂ်ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ပို့တ်ဗေးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။