MySport Myanmar

အမေရိကန် လူငယ်ကြယ်ပွင့် ဂိုးသမား ဆလိုနီနာကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ရီးရဲလ်

ပူပူနွေးနွေး စပိန်လာလီဂါနဲ့ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်က လာမယ့် နွေအပြောင်းအရွှေ့မှာ အသင်းရဲ့ ကစားသမား အင်အားကို ဖြည့်တင်းနိုင်ဖို့ အတွက် မေဂျာလိဂ်ကလပ် ချီကာဂို ဖိုင်းယားနဲ့အတူ တောက်ပနေတဲ့ အမေရိကန် လူငယ်ကြယ်ပွင့် ဂိုးသမား ဆလိုနီနာကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အမေရိကန် ယူ-၂၀ လက်ရွေးစင် ဂိုးသမား ဆလိုနီနာဟာ ပြီးခဲ့တဲ့ မေဂျာလိဂ် ဘောလုံးရာသီမှ စတင်ကာ ချီကာဂို ဖိုင်းယားရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် ပွဲထွက်ခွင့်တွေ ရရှိထားသူ ဖြစ်ပြီး ယခုနှစ် မေဂျာလိဂ် ဘောလုံးရာသီမှာ ဆိုရင်လည်း ချီကာဂို ဖိုင်းယား အတွက် ၁၃ပွဲ ပါဝင် ကစားပေးထားရာ ဂိုးမပေးရတဲ့ပွဲ ၅ပွဲ အထိ ရှိခဲ့သလို ပေးဂိုးက ၂၀ဂိုးသာ ရှိခဲ့ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပရဲ့ အသင်းကြီး အများစုက ဆလိုနီနာကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ကြပြီး ရီးရဲလ်မက်ဒရစ်ကတော့ ဆလိုနီနာကို လာမယ့် နွေအပြောင်းအရွှေ့မှာပဲ အပြီးသတ် ခေါ်ယူနိုင်ဖို့ စတင် ကြိုးပမ်းနေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ရီးရဲလ်မက်ဒရစ်ဟာ ဆလိုနီနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြုပေးခဲ့ပြီး လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ရီးရဲလ်မက်ဒရစ်က ဆလိုနီနာ အတွက် ပထမဦးဆုံး ကမ်းလှမ်းမှုကို စတင် ပြုလုပ်ဖွယ် ရှိကြောင်းလည်း ဆိုပါတယ်။

Photo Credit: Standard

ရီးရဲလ်မက်ဒရစ်က အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ဆလိုနီနာအတွက် ပြောင်းရွှေ့ကြေးကို ယူရို ၅သန်းနဲ့ ၁၀သန်းကြား သုံးစွဲရဖွယ် ရှိနေပြီး ဆလိုနီနာကတော့ တခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချကာ ရီးရဲလ်မက်ဒရစ်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်းလည်း အမေရိကန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

Exit mobile version