စပိန်နာမည်ကျော် သတင်းစာတစ်စောင်ဖြစ်တဲ့ AS ရဲ့ ဖော်ပြချက်တွေအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့အသင်းရဲ့ လူငယ်တောင်ပံကစားသမား ဗင်နီဆီယပ်စ်ဂျူနီယာကို လာမယ့်နွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ်သွားဖွယ်ရှိနေတယ်လို့ သိရှိရပြီး ဗင်နီဆီယပ်စ်ကလည်း ဒီနှစ်ဘောလုံးရာသီအတွင်းမှာ အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရလျက်ရှိနေကာ လက်ရှိအချိန်ထိ ရီးရဲလ်အတွက် လာလီဂါသွင်းဂိုး(၂)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Football Espana

အသက်(၂၀)အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဗင်နီဆီယပ်စ်ဟာ ၂၀၁၈ခုနှစ်ကမှ ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၂၅)ပွဲအထိ ပါဝင်ကစားထားခဲ့ပါတယ်။ ဒါပေမယ့် ဗင်နီဆီယပ်စ်ဟာ အဲ့ဒီ(၂၅)ပွဲအတွင်းမှာ အသင်းအတွက် သွင်းဂိုး(၃)ဂိုးကိုသာ ရယူထားနိုင်ခဲ့ပြီးတော့ ဂိုးဖန်တီးမှုလည်း (၃)ကြိမ်ထိပဲ စွမ်းဆောင်နိုင်ခဲ့တာကြောင့် သူရဲ့စွမ်းဆောင်ရည်အပေါ်ကို အသင်းဘက်ကနေ စိတ်ပျက်လျက်ရှိနေပြီး လာမယ့်နွေစျေးကွက်မှာပဲ အသင်းကနေ ရောင်းချသွားဖို့အထိပါ ပြင်ဆင်လာခဲ့တယ်လို့ AS ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

ရီးရဲလ်အသင်းဟာ လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းကို ပြုပြင်ပြောင်းလဲမှုကြီးတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး ဘာပေ ဟာလန်း အာလာဘာနဲ့ အူပါမယ်ကာနိုတို့လို ထိပ်တန်းကစားသမားတွေကိုလည်း အသင်းဆီ အရခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတာဖြစ်တဲ့အတွက် အသင်းမှာ အံ့မဝင်ဖြစ်နေတဲ့ ကစားသမားတချို့ကိုပါ ရောင်းထုတ်ပြီး အသုံးစရိတ် ပြန်လည်ရှာဖွေဖွယ် ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် တန်ကြေးမြင့်မားတဲ့ ကစားသမားတွေကို ခေါ်ယူဖို့အတွက် အသင်းမှာက ဘဏ္ဍာရေးအင်အား တောင့်တင်းနေဖို့ လိုအပ်တဲ့အပြင် ကိုဗစ်ကာလမှာ အသင်းက ဝင်ငွေအနည်းငယ်သာ ရရှိနေတာဖြစ်လို့ ဗင်နီဆီယပ်စ်လို ကစားသမားမျိုးကို ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရောင်းထုတ်သွားချင်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဗင်နီဆီယပ်စ်ကိုတော့ ပြီးခဲ့တဲ့ ဆောင်းစျေးကွက်တုန်းက အာဆင်နယ်အသင်းကနေ အငှားနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း အောင်မြင်ခဲ့ခြင်းမရှိသလို ရီးရဲလ်ဘက်ကတော့ သူတို့ကစားသမားကို ပေါင်သန်း(၅၀)အထက်လောက်နဲ့ အပြီးသတ်ရောင်းချသွားချင်နေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ ဗင်နီဆီယပ်စ်ကို ပီအက်စ်ဂျီနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေက စိတ်ဝင်စားနေကြပြီး မကြာခင်မှာပဲ ကမ်းလှမ်းမှုတွေကို လုပ်ဆောင်ဖွယ်ရှိနေပါတယ်။