စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် နွေအပြောင်းအရွှေ့မှာ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ လက်မှတ်ထိုးကြေး ယူရို ၁၀၀သန်း အထိ ပေးချေမယ်လို့ ကမ်းလှမ်းထားကြောင်း အီတလီ နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒီမာဇီယိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တဦး ဖြစ်ပြီး ပီအက်စ်ဂျီက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ အစွမ်းကုန် ကြိုးပမ်းနေပေမယ့် အမ်ဘာပေကတော့ သူ့ရဲ့ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီသာ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေပါတယ်။

Photo Credit: Marca

ကိုင်လီယန် အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၃ဦး စာရင်းဝင် ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်က သူ့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး စံချိန်တင် လက်မှတ်ထိုးကြေး ၊ စံချိန်တင် အေးဂျင့်ခ ၊ စံချိန်တင် ခံစားခွင့်တို့ ပေးအပ်ကာ အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနက ဆိုပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုကလည်း အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း ဖော်ပြလာခဲ့ပြီး ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ အမ်ဘာပေက ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ် ချုပ်ဆိုဖို့ သဘောတူခဲ့မယ် ဆိုရင် လက်မှတ်ထိုးကြေး ယူရို ၁၀၀သန်း ၊ တနှစ်ကို အခွန်ဆောင်ပြီး ယူရို ၂၅သန်း ၊ ပုံရိပ် အသုံးပြုခ ကနေ ရလာတဲ့ ဝင်ငွေရဲ့ ၆၅ ရာခိုင်နှုန်း စတဲ့ ခံစားခွင့်တွေကို ရရှိမယ်လို့ သိရပါတယ်။

Photo Credit: Marca

အမ်ဘာပေကလည်း မကြာခင်မှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး တိကျ ရေရာတဲ့ အဖြေတခုကို သိရလိမ့်မယ်လို့ ပရိသတ်တွေကို အသိပေးလာခဲ့ကာ လာမယ့် ၂ပတ် အတွင်းမှာပဲ အမ်ဘာပေရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး သိရဖွယ် ရှိနေပါတယ်။