စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က ယမန်နေ့ညမှာပဲ အသင်းကနေ ထွက်ခွာတော့မယ်လို့ တရားဝင် ကြေညာခဲ့တဲ့ ဝါရင့် ဗဟိုနောက်ခံလူ နာချိုကြောင့် သူတို့ရဲ့ ထိပ်သီးပစ်မှတ် ဖြစ်သူ လိုင်လီရဲ့ လူငယ်ခံစစ်မှူး ယိုရိုကို ခေါ်ယူဖို့ အတွက် အရှိန်မြှင့် လှုပ်ရှားလာကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ရီးရဲလ်မက်ဒရစ်က လက်ရှိ ကမ္ဘာပေါ်မှာ ကစားသမားအင်အား အတောင့်တင်းဆုံးအသင်း ၅သင်း စာရင်းထဲ ဝင်ထားပေမယ့် သူတို့ရဲ့ အဓိက ကစားသမား အများအပြားဟာ အသက် ၃၀တန်းကို ကျော်လာတာကြောင့် သွေးသစ်လောင်းမှုတွေ အဆက်မပြတ် လုပ်ဖို့ လုပ်နေပါတယ်။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ်က ခံစစ်ကြောင်းမှာ နာချို ၊ ရူဒီဂါ ၊ အလာဘာ ၊ မီလီတာအို စတဲ့ ဗဟိုခံစစ်မှူး ၄ဦးကို ပိုင်ဆိုင်ထားရာမှာ အသက် ၂၆နှစ် အရွယ် မီလီတာအိုကလွဲပြီး ကျန်တဲ့ ကစားသမား ၃ဦးစလုံးက အသက် ၃၀ကျော် ကစားသမားတွေ ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက်မှာ အသက်လည်းငယ် ၊ ခြေစွမ်းခြေစလည်း ရှိတဲ့ တက်သစ်စ လူငယ်ခံစစ်မှူး ၁ဦးကို မဖြစ်မနေ ခေါ်ယူဖို့ ဆုံးဖြတ်ချက် ချထားပါတယ်။

တဖက်မှာတော့ အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လူငယ်ခံစစ်မှူး ယိုရိုက ယခုနှစ် ဘောလုံးရာသီမှာ လိုင်လီနဲ့အတူ တောက်ပနေတဲ့ ကစားသမား တဦး ဖြစ်ပြီး ယိုရိုက လိုင်လီအတွက် ပြိုင်ပွဲစုံမှာ ၃၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး အထိ သွင်းယူထားနိုင်သလို လီဂူးဝမ်းပြိုင်ပွဲရဲ့ တနှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရဖို့ အတွက် ရေပန်းစားနေပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က ရာသီကုန်ချိန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ တရားဝင် ကြေညာခဲ့တဲ့ ဝါရင့် ဗဟိုနောက်ခံလူ နာချိုကြောင့် ယိုရိုကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းလာပြီး ရီးရဲလ်မက်ဒရစ်က ယိုရိုရဲ့ အေးဂျင့်ဖြစ်သူ မန်ဒက်စ်နဲ့ ချိတ်ဆက်ကာ ဆွေးနွေးမှုတွေပါ လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အပြင် ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီ ၊ အင်္ဂလန် နာမည်ကြီးကလပ်တွေ ဖြစ်ကြတဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက် စတဲ့ အသင်းတွေကပါ ယိုရိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး လိုင်လီကတော့ သူတို့ရဲ့ လူငယ်ကြယ်ပွင့် ယိုရိုအတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိနေပါတယ်။