အာဆင်နယ်အသင်းရဲ့ မီခဲလ်အာတီတာကတော့ အခု ဇန်နဝါရီလ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဗင်နီဆီယပ်စ်ဂျူနီယာကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်တစား ရှိနေပေမယ့်လည်း ရီးရဲလ်အသင်းဘက်ကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို အသင်းကနေ ဘယ်လိုနည်းနဲ့မှ လက်လွတ်သွားဖို့ ဆန္ဒမရှိကြောင်း သိရှိရပါတယ်။

Photo Credit : Goal

အာဆင်နယ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းရဲ့ခြေစွမ်းပိုင်းနဲ့ ရလဒ်ပိုင်းတွေ မတည်ငြိမ်မှုကြောင့် ဒီဇင်ဘာလလယ်ပိုင်းလောက်မှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၅)ထိတောင် ကျဆင်းခဲ့ရပြီး ဒီနောက်ပိုင်းပွဲတွေကို ဆက်တိုက်အနိုင်ရခဲ့လို့သာ အဆင့်(၁၁)ထိ ပြန်တတ်လှမ်းလာနိုင်ခဲ့ရတာဖြစ်ပါတယ်။ အသင်းအနေနဲ့ လက်ကျန်ရာသီအတွင်း ပရီးမီးယားလိဂ်မှာ အဆင့်ကောင်းတစ်ခု ရယူနိုင်ဖို့နဲ့ ယူရိုပါလိဂ် အက်အေဖလားတွေမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် အခုဆောင်းစျေးကွက်အတွင်း ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်သွားချင်နေတာဖြစ်ပါတယ်။

Photo Credit : Football Espana

အာဆင်နယ်အသင်းဟာ ဆောင်းစျေးကွက်မဖွင့်ခင်ကတည်းက ရီးရဲလ်အသင်းရဲ့ ဘရာဇီးလက်ရွေးစင် တောင်ပံကစားသမားလေး ဗင်နီဆီယပ်စ်ကို အငှားနဲ့ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေပြီး အခုထိလည်း စိတ်ဝင်စားမှု ရှိနေသေးတယ်လို့ သိရှိရပေမယ့် ရီးရဲလ်အသင်းဘက်ကတော့ သူတို့အသင်းအတွက် အသုံးဝင်နေတဲ့ ကစားသမားတစ်ယောက်ကို အသင်းအတွက် အရေးကြီးတဲ့ အချိန်ကာလအတွင်းမှာ အငှားနဲ့ပဲဖြစ်ဖြစ် ဘယ်လိုကမ်းလှမ်းချက်နဲ့ပဲဖြစ်ဖြစ် လက်လွတ်သွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ အခုစျေးကွက်ကာလအတွင်းမှာ ဗင်နီဆီယပ်စ်အပြင် နောက်ထပ် ရီးရဲလ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ကွင်းလယ်လူအစ္စကို အင်တာမီလန် ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင် ဗလင်စီယာ ကွင်းလယ်လူ ကားလို့စ်ဆိုလာတို့ကိုပါ ပစ်မှတ်ထားနေခဲ့ပြီး ဒီရက်ပိုင်းအတွင်းမှာလည်း အသင်းရဲ့နောက်ခံလူတွေဖြစ်တဲ့ ဝီလီယံဆလီဘာနဲ့ ကိုလာစီနက်ရှ်တို့ကိုလည်း အသင်းကနေ ကာလတိုအငှားချထားခဲ့ပါတယ်။ ဒါ့အပြင် အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ဖျက်သိမ်းထားတဲ့ ဝါရင့်စပိန်တိုက်စစ်ကစားသမားကြီး ဒီယေဂိုကော်စတာကိုပါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့အထိပါ အာဆင်နယ်အသင်းက စိတ်ဝင်စားလျက်လည်း ရှိနေပါသေးတယ်။