စပိန်လာလီဂါ အင်အားကြီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ စျေးကွက်ဖွင့်လှစ်ချိန်မှာပဲ အသင်းရဲ့ ထိပ်တန်းကစားသမားတစ်ဦးဖြစ်တဲ့ အီဒင်ဟာဇက် အပါအဝင် နောက်ထပ် ကစားသမားတွေဖြစ်တဲ့ မာရီယာနိုဒီယက်ဇ်နဲ့ လူကာယိုဗစ်တို့ကို အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိနေတယ်လို့ စပိန်နာမည်ကျော် သတင်းမီဒီယာ AS က ဖော်ပြသွားခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ချယ်လ်ဆီး လိုင်ယွန်နဲ့ ဖရန့်ဖတ်အသင်းတို့မှာ ခြေစွမ်းပြနိုင်ခဲ့ကြတဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဟာဇက် မာရီယာနို ယိုဗစ်တို့ကို အသင်းအတွက် ခေါ်ယူအားဖြည့်ထားခဲ့ပေမယ့် ကစားသမား(၃)ဦးလုံးက အသင်းနဲ့ အံ့ဝင်ခွင်ကျ မရှိသလို အသင်းရဲ့ ထိပ်တန်းကစားသမားဟောင်း ခရစ္စတီယာနိုရော််နယ်လ်ဒိုရဲ့နေရာမှာ အစားဝင်ရောက်လာတဲ့ ဟာဇက်ဆိုရင်လည်း အသင်းကို ရောက်လာကတည်းက သူရဲ့အကောင်းဆုံး form ကို ရှာမတွေ့နိုင်ခဲ့ပဲ ဒဏ်ရာပြသာနာတွေနဲ့သာ ရုန်းကန်နေခဲ့ရပါတယ်။

ရီးယဲလ်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းအတွက် ကြီးကြီးမားမား အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေပြီး ကီလီယန်အမ်ဘာပေ အာလင်းဟာလန်းတို့လို ထိပ်တန်းကစားသမားတွေကို ခေါ်ယူဖွယ် ရှိနေတဲ့အတွက် ကမ်းလှမ်းမှုတွေ မပြုလုပ်ခင်မှာပဲ ဟာဇက်တို့လို လုပ်ခလစာ မြင့်မားတဲ့ ကစားသမားတွေကို အရင်ရှင်းထုတ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒီလို အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်နေတဲ့ ကစားသမား(၃)ဦးလုံးက ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းအတွက် လုံလောက်တဲ့ ပွဲကစားခွင့်တွေ မရှိခဲ့သလို စွမ်းဆောင်ရည်ပိုင်းတွေကလည်း အားရစရာ အနေအထားမှာ ရှိမနေတဲ့အတွက် သူတို့ကို ရောင်းချဖို့က ခက်ခဲနိုင်ဖွယ် ရှိနေပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်ကစားသမား ဟာဇက်ဟာ ဒီရာသီမှာ ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၂)ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး (၁)ဂိုး ဂိုးဖန်တီးမှု (၂)ကြိမ်သာ ပြုလုပ်ခဲ့ပြီး ဆာဘီးယား တိုက်စစ်မှူး ယိုဗစ်က သွင်းဂိုး(၁)ဂိုးနဲ့ စပိန်တိုက်စစ်ကစားသမား မာရီယာနိုက သွင်းဂိုးတောင် သွင်းယူထားခြင်း မရှိပဲ ဂိုးဖန်တီးမှု (၁)ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။