ဒီနေ့ညမှာတော့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ပထမအကျော့ပွဲစဉ်တွေရဲ့ အပိတ်ပွဲတွေအဖြစ် လိုင်ယွန်နဲ့ဂျုဗင်တပ်စ်အသင်းတို့ပွဲ ရီးရဲလ်မက်ဒရစ်နဲ့မန်စီးတီးအသင်းတို့ပွဲတွေကို မနက်၂နာရီခွဲအချိန်တွေ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီ၂ပွဲမှာတော့ ဘောလုံးဝါသနာရှင်တွေက ရီးရဲလ်နဲ့ မန်စီးတီးအသင်းတို့ပွဲကိုပဲ အာရုံစိုက်လာကြမှာ သေချာပါတယ်။ ဒါကလည်း ဖြစ်သင့်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးသော ဘောလုံးသမားတွေကို ပိုင်ဆိုင်ထားတဲ့ ကလပ်အသင်းကြီးနှစ်သင်းရဲ့အားပြိုင်မှုဖြစ်လို့ အကြိတ်အနယ်ရှိပြီး ပရိသတ်တွေကို စွဲဆောင်နိုင်မှာ သေချာနေပါတယ်။

ဒီအသင်းနှစ်သင်း အခုလို ထိပ်တိုက်မတွေ့ဆုံခင် ချန်ပီယံလိဂ်မှာပဲ ၄ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ဖူးပါသေးတယ်။ နောက်ပြီး ရာသီအကြိုဖိတ်ခေါ်ဖလားပြိုင်ပွဲအဖြစ် နှစ်တိုင်းကျင်းပလေ့ရှိတဲ့ ICC Cup မှာလည်း ၂ကြိမ်တွေ့ဆုံခဲ့ဖူးပါတယ်။ ထူးခြားတာကတော့ အဲ့ဒီအကြိမ်တိုင်းအားလုံးမှာ မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်အသင်းကို လုံးဝအနိုင်မယူခဲ့ဖူးတာပါပဲ။ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ၄ကြိမ်ဆုံတွေ့ခဲ့ရာ ဘာနေဗျူးမှာ ကစားရတဲ့ပွဲ၂ပွဲကို ရီးရဲလ်က အနိုင်ယူခဲ့ပြီး အယ်တီဟတ်မှာ ကစားခဲ့တဲ့ ၂ကြိမ်မှာတော့ သရေရအောင် ကစားထားခဲ့ပါတယ်။

မန်စီးတီးက ရီးရဲလ်မက်ဒရစ်အသင်းကို တရားဝင်ပြိုင်ပွဲမဟုတ်တဲ့ ICC Cup ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာပဲ တစ်ကြိမ်အနိုင်ယူခဲဲ့တာဖြစ်ပြီး ဒါကလည်း အနည်းဆုံး၂နှစ်လောက်ကို ကြာမြင့်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးအနေနဲဲ့ ဒီတစ်ကြိမ်တွေ့ဆုံမှုမှာ ရီးရဲလ်ကို ပထမဆုံးအကြိမ် အလှဲထိုးနိုင်အောင် ကြိုးစားလာမှာ သေချာနေပါတယ်။ ရီးရဲလ်ကလည်း ဒီရာသီမှာဆို အိမ်ကွင်းရှံးပွဲ မရှိသလောက်ကို နည်းပါးနေတဲ့အသင်းဖြစ်ပြီး စပိန်ကိုပါဒယ်ရေးပွဲမှာပဲ ဆိုစီဒက်ကို အိမ်ကွင်းမှာ အရေးနိမ့်ထားခဲ့ဖူးတာဖြစ်ပါတယ်။ အိမ်ကွင်းမှာဆို အမှားခံလေ့မရှိတဲ့ ရီးရဲလ်အသင်းက ဒီနောက်ပိုင်းမှာတော့ ခြေစွမ်းပိုင်းတွေ ကျဆင်းလာခဲ့တာကို သတိထားရမှာဖြစ်ပါတယ်။ မန်စီးတီးကတော့ ဒီရာသီအတွင်း အဝေးကွင်းစွမ်းဆောင်ရည် သိပ်အကောင်းကြီးမဟုတ်ပေမယ့် အဝေးကွင်းမှာ ၄ပွဲပဲ ရှံးထားသေးသလို နိုင်ပွဲတွေများစွာ ရယူထားတာလည်း ရှိတာကြောင့် သူတို့နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုုံမှုအပေါ် ဘယ်သူနိုင်မလဲ ခန့်မှန်းရတာ ခက်ခဲနိုင်ပြီး သေချာတာကတော့ ဂိုးများနိုင်ပါလိမ့်မယ်ခင်ဗျာ။