စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ ပြောင်းလဲ ပစ်မှတ်ထား ကြိုးစားနေကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တဦး ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။

Photo Credit: Marca

ဒါပေမယ့် တဖက်မှာ ပီအက်စ်ဂျီက သူတို့ရဲ့ အဓိက တိုက်စစ်မှူး အမ်ဘာပေကို လက်မလွှတ်ရဖို့ အစွမ်းကုန် ကြိုးပမ်းနေပြီး အမ်ဘာပေကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ သူ့ရဲ့ အနာဂတ် အတွက် မဆုံးဖြတ်ရသေးကြောင်းနဲ့ သူဟာ ပီအက်စ်ဂျီမှာ ဆက်နေနိုင်ကြောင်း ထုတ်ဖော် ပြောကြားထားတာကြောင့် ရီးရဲလ်မက်ဒရစ်က အမ်ဘာပေထက် ဟာလန်းကို ဦးစားပေး ခေါ်ယူဖို့ စီစဉ်လာတာပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို အမြန်ဆုံး စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် အဆင်မပြေမှုတွေနဲ့ ကြုံနေရတာကြောင့် အရန်အစီအစဉ် အနေနဲ့ ဒေါ့မွန်ကနေ ထွက်ခွာမယ့် ဟာလန်းကို ခေါ်ယူဖို့ ပြောင်းလဲ ချိတ်ဆက်နေပြီး ဟာလန်းကလည်း မန်ချက်စတာ စီးတီးနဲ့ ရီးရဲလ်မက်ဒရစ် နှစ်သင်းထဲက တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Photo Credit: Marca

နော်ဝေလက်ရွေးစင် တိုက်စစ်မှူး ဟာလန်းဟာ လက်ရှိ ဘောလုံးလောကရဲ့ အကောင်းဆုံး လူငယ် အထောင်တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ကာ ရီးရဲလ်မက်ဒရစ်က သူ့ကို ခေါ်ယူချင်ရင် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင် သုံးစွဲရဖွယ် ရှိပါတယ်။