ရီးရဲလ် မက်ဒရစ်အသင်းကတော့ ဂျုဗင်တပ်အသင်းကို ပြောင်းခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ နေရာမှာ အစားထိုးဖို့အတွက် လာမယ့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူသွားဖွယ် ရှိတယ်လို့ Marca သတင်းက အခိုင်အမာ ဖော်ပြသွားပါတယ်။ ရီးရဲလ်အသင်းအနေနဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကို ဆုံးရှုံးခဲ့ရပြီးတဲ့နောက်ပိုင်း အသင်းရဲ့ အခြား တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဘန်ဇီမာ၊ ဂျိုဗစ်၊ ဘေးလ် နဲ့ ဗီနီစီယက်စ်တို့အနေနဲ့ ရော်နယ်ဒိုရဲ့ နေရာကို ဆက်ခံနိုင်စွမ်း မရှိခဲ့ကြဘဲ လက်ရှိမှာ သွင်းဂိုးတွေ ခမ်းခြောက်နေလျက် ရှိပါတယ်။

Photo Credit: Marca

Marca သတင်းက နည်းပြ ဇီဒန်းရဲ့ ရီးရဲလ်အသင်းဟာ ဘွန်ဒက်စ်လီဂါ ဒေါ့မွန်အသင်းဆီကို ဟာလန်းရဲ့ အခြေအနေနဲ့ ပက်သက်ပြီး မေးမြန်းခဲ့တယ်လို့ ဖော်ပြပြီး ရီးရဲလ်အသင်းအနေနဲ့ ဟာလန်းကို လာမယ့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ခေါ်ယူချင်လျက် ဖြစ်ပါတယ်။ ဟာလန်းဟာ ရက်ဘူးလ် ဆာဘာ့ချ်အသင်းကနေ ဒေါ့မွန်အသင်းကို ရောက်လာခဲ့တာ ဖြစ်ပြီး လက်ရှိရာသီမှာ ရက်ဘူးလ်အသင်းအတွက် (၂၈) ဂိုး နဲ့ ဒေါ့မွန်အသင်းအတွက် (၁၂) ဂိုးအထိ သွင်းယူထားတာကြောင့် တစ်ရာသီမှာ သွင်းဂိုး (၄၀) သွင်းယူနိုင်ချေ အလွန် များနေပါတယ်။

Photo Credit: Marca

ရီးရဲလ်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ တိုက်စစ်မှူး အသစ်ကို ခေါ်ယူဖို့ တာစူနေတာကြောင့် လီဗာပူးလ် တိုက်စစ်မှူး ဆာလတ်ကို ခေါ်ယူချင်နေတယ်လို့ သတင်းတွေ ထွက်ခဲ့ပြီး အခုလည်း ဟာလန်းကို ခေါ်ယူချင်တယ်လို့ သတင်းထွက်နေတာပါ။ ရီးရဲလ်အသင်းဟာ လက်ရှိမှာ နောက်ခံလူ ဟာကီမီကို ဒေါ့မွန်အသင်းမှာ အငှား ချထားပြီး ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားသွားမယ့် အချိန်မှာ နောက်ခံလူ ဟာကီမီ နဲ့ ငွေကြေး ပေးပြီး ဒေါ့မွန်အသင်းကို ကမ်းလှမ်းနိုင်ချေရှိနေတယ်လို့ Radio Marca က ဖော်ပြသွားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ရော်နယ်ဒို ထွက်သွားခဲ့တာ (၂) နှစ်ကြာခဲ့ပြီ ဖြစ်တာတောင်မှ လက်ရှိမှာ ရုန်းကန်နေရဆဲ ဖြစ်ပြီး တိုက်စစ်မှူး အသစ်တွေကို ခေါ်ယူခဲ့ကြပေမဲ့လည်း ရော်နယ်ဒိုလို ဂိုးမသွင်းနိုင်ကြတာကြောင့် ဂျာမနီမြေမှာ ခြေစွမ်းပြနေတဲ့ ဟာလန်းကို ခေါ်ယူချင်နေပါတယ်။