လက်စတာအသင်းနဲ့အတူ တောက်ပလာခဲ့တဲ့ အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား တစ်ဦးဖြစ်တဲ့ မက်ဒီဆင်ကတော့ လက်ရှိမှာ သူ့ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်နေပေမယ့် လာမယ့် ဘောလုံးရာသီမှာတော့ လက်စတာအသင်းမှာသာ ဆက်ရှိသွားမှာ ဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ မက်ဒီဆင်ဟာ ပရီးမီးယားလိဂ် အင်အားကြီး အသင်းတွေဖြစ်တဲ့ မန်ယူအသင်း ၊ မန်စီးတီး အသင်းတို့ရဲ့ ပစ်မှတ်ကစားသမား တစ်ဦး ဖြစ်ပြီး အထူးသဖြင့် မန်ယူအသင်းဟာ သူတို့ရဲ့ ကွင်းလယ်ပိုင်း အားနည်းချက်ကို ဖာထေးဖို့ အတွက် မက်ဒီဆင်ကို အကြိမ်ကြိမ် အခါခါ ကမ်းလှမ်းနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit: Sky Sports.com

ဒါပေမယ့် မန်ယူအသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် မကျိန်းသေတဲ့ အနေအထားတွေ ရှိနေသလို လက်စတာအသင်းဘက်ကလည်း မက်ဒီဆင် ကို လုပ်ခလစာ တိုးမြှင့်ပေးကာ စာချူပ်သစ် ကမ်းလှမ်းထားပါတယ်။ လက်ရှိမှာတော့ မက်ဒီဆင်က လက်စတာအသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို သဘောကျနေပြီး BT Sports နဲ့ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ လက်စတာအသင်းကို အားပေးတဲ့ ပရိသတ်ဖြစ်တဲ့ ရိုင်း ဖယ်လိုနဲ့ စကားပြောမိရာမှာတော့ သူဟာ လက်စတာအသင်းမှာ ဆက်ရှိနေမှာ ဖြစ်တယ် လို့ ဖယ်လိုကို ကတိပေးသွားခဲ့ပါတယ်။

Photo Credit: Sky Sports.com

လက်စတာအသင်းမှာ ဆက်ရှိနေမယ့် အကြောင်းကို မက်ဒီဆင်က ” ကျိန်းသေတာပေါ့။ ကျွန်တော်က လက်စတာအသင်းမှာပ​ဲ ဆက်ရှိသွားမှာပါ။ ဒါက ကျွန်တော် လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေထဲမှာ အကောင်းဆုံးပါပဲ။ ဒီနေရာမှာ ရှိနေရတာကို ပျော်ပါတယ်။ လက်စတာကို ကျွန်တော် ချစ်ပါတယ်။ အခုချိန်မှာတော့ ကျွန်တော်က တခြားသူတွေလိုပဲ အိမ်မှာ နေနေပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းတွေကိုတော့ အဆက်မပြတ်လုပ်နေရတာပေါ့။ နည်းပြကြီး (ဘရန်ဒန်ရော်ဂျာ) က ကျွန်တော်တို့ကို အမြဲ လေ့ကျင့်ခန်းတွေ လုပ်ဖို့ သူ့ရဲ့ နည်းပြအဖွဲ့ဝင် တွေကနေ တဆင့် စောင့်ကြည့်နေပါတယ်။ ဒီကာလကြီး ပြီးသွားရင် ကျွန်တော်တို့တွေ အကောင်းဆုံးပုံစံနဲ့ ပြန်လာခဲ့ပါမယ်လို့ ကတိ ပေးပါတယ် ” လို့ ပြောဆိုသွားခဲ့တာပါ။