ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ လက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်လူ မက်ဒီဆန်ကတော့ သူဟာ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်း ၀-၂ လက်စတာ စီးတီး ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရခဲ့ပေမယ့် သူ့ရဲ့ ဒဏ်ရာဟာ အသေးစား ဒဏ်ရာသာ ဖြစ်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်မယ်လို့ ပရိသတ်တွေကို သတင်းကောင်း ပါးသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆန်က ယခုနှစ် ဘောလုံးရာသီမှာ လက်စတာ စီးတီးနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး လက်စတာ အတွက် ပြိုင်ပွဲစုံမှာ ၁၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၇ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: BBC

ဒါကြောင့်ပဲ အင်္ဂလန် နည်းပြချုပ် ဆောက်ဂိတ်က မက်ဒီဆန်ကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်မယ့် အင်္ဂလန် လူစာရင်းထဲ ထည့်သွင်းခဲ့ပြီး မက်ဒီဆန်ကလည်း သူ့ရဲ့ ကစားသမား ဘဝမှာ ပထမဦးဆုံးအကြိမ် ရလာတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမယ့် အခွင့်အရေး အတွက် အတော်လေး စိတ်လှုပ်ရှားနေပါတယ်။

ကံမကောင်းစွာနဲ့ပဲ မက်ဒီဆန်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်း ၀-၂ လက်စတာ စီးတီး ပွဲစဉ်မှာ အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီးနောက် တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့ပြီး အဆိုပါ ဒဏ်ရာကြောင့် မက်ဒီဆန် တယောက် ကွင်းထဲကနေ ထွက်ခွာသွားရချိန်မှာ အင်္ဂလန်ပရိသတ်တွေက မက်ဒီဆန် အတွက် စိတ်ပူပေးခဲ့ကြပါတယ်။

Photo Credit: BBC

ဒါပေမယ့် မက်ဒီဆန်ရဲ့ ဒဏ်ရာက ပြင်းထန်တဲ့ ဒဏ်ရာတခု မဟုတ်ခဲ့ပဲ မက်ဒီဆန်ကတော့ သူ့ကို စိတ်ပူပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ သူ့ရဲ့ ဒဏ်ရာဟာ အသေးစား ဒဏ်ရာတခုသာ ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မက်ဒီဆန်က – “ကျွန်တော်က အဆင်ပြေမှာပါ။ အသေးစားဒဏ်ရာကြောင့် ကျွန်တော်က လူစားလဲခဲ့တာပါ။ ကျွန်တော့်ရဲ့ အသင်းဖော်တွေနဲ့ တနင်္လာနေ့မှာ ပြန်ဆုံဖို့ အတွက် မစောင့်နိုင်တော့ပါဘူး” လို့ သူ့ရဲ့ တွစ်တာအကောင့် ကနေ တဆင့် ပရိသတ်တွေကို သတင်းကောင်း ပြောကြားသွားခဲ့တာပါ။