ယမန်နှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကနေ တန်းဆင်းသွားရတဲ့ ချန်ပီယံဟောင်း လက်စတာ စီးတီး ကနေ လန်ဒန်မြို့ နာမည်ကြီးကလပ် စပါးဆီ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ မက်ဒီဆန်က သူဟာ စပါးနဲ့အတူ ဆုဖလားတွေ သိမ်းပိုက်နိုင်မယ်လို့ ယုံကြည်တာကြောင့် စပါးဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မက်ဒီဆန်က ကွင်းလယ်တိုက်စစ် နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပေမယ့် လိုအပ်ရင် ကွင်းလယ်ဗဟိုနဲ့ ညာတောင်ပံကိုပါ ထွက်ကစားနိုင်စွမ်း ရှိပြီး စပါးက သူ့အတွက် လက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၄၆.၃သန်း ပေးချေခဲ့ရပါတယ်။

Photo Credit: Punch Newspaper

စပါးက မက်ဒီဆန်ကို ၂၀၂၈ခုနှစ် အထိ သက်တမ်းရှိမယ့် ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပြီး မက်ဒီဆန်ဟာ စပါးမှာ ကျောနံပါတ် ၂၅ကို ဝတ်ဆင် ကစားသွားဖို့ ရွေးချယ်ထားပါတယ်။

စပါးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဆင့်၈နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့တာကြောင့် လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမှာ မဟုတ်ပဲ လက်စတာ စီးတီးရဲ့ ပရိသတ်တွေက မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ် စတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းတွေဆီ မပြောင်းပဲ စပါးဆီ ပြောင်းသွားတဲ့ မက်ဒီဆန်ကို ဝေဖန် ပြစ်တင်မှုတွေ လုပ်ခဲ့ပါသေးတယ်။

Photo Credit: BBC

မက်ဒီဆန်ကတော့ အသင်းဟောင်း လက်စတာ စီးတီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ဂရုမစိုက်ပဲ သူဟာ စပါးနဲ့အတူ ဆုဖလားတွေ ရရှိလိမ့်မယ်လို့ ယုံကြည်တာကြောင့် စပါးဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ကြောင်း ပြောကြားရင်း ဝေဖန်သံတွေကို ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။

မက်ဒီဆန်က – “ကျွန်တော်က ဆုဖလားတွေ ယူဖို့ စပါးဆီ ပြောင်းလာတာပါ။ လူတွေက စပါးအသင်း ဖလား မရတာ ဘယ်လောက်တောင် ကြာနေပြီလဲ ဆိုပြီး မေးငေါ့ ဝေဖန်နေတာတွေကို သိပါတယ်။ ကျွန်တော်က စပါးနဲ့ ဆုဖလားတွေ ရယူနိုင်မယ် ဆိုတဲ့ ယုံကြည်မှုမျိုး မရှိရင် စပါးဆီ ပြောင်းလာမှာ မဟုတ်ပါဘူး။ ကျွန်တော်က နည်းပြချုပ်ရဲ့ အကြောင်းကို သိသလို အသင်းမှာ ရှိတဲ့ ကစားသမားတွေရဲ့ အရည်အသွေးတွေကိုလည်း ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ဆုဖလားတွေကို ရယူနိုင်စွမ်း ရှိတာကို ကောင်းကောင်းကြီး သိပါတယ်။ ကျွန်တော်တို့မှာ ဖလားတွေကို သိမ်းပိုက်နိုင်မယ် ဆိုတဲ့ ယုံကြည်ချက်မျိုး ရှိသလို ရယူဖို့ ကြိုးစားမယ် ဆိုတဲ့ ရည်မှန်းချက်လည်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော်က စပါးဆီ ဆုဖလားတွေ ရယူဖို့ ပြောင်းလာတာပါ ဆိုတဲ့ စကားကို ထပ်ပြောချင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။