လက်စတာအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်မက်ဒီဆန်က သူရဲ့ဒဏ်ရာပြသာနာတွေကနေ ပြန်လည်သက်သာာပြီးနောက်ပိုင်းမှာ လက်စတာစီးတီးအသင်းအတွက် ပြန်လည်ပွဲထွက်ကစားနေခဲ့ရသလို မနေ့ညက ကျင်းပသွားခဲ့တဲ့ စပို့တင်းဘရာဂါအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွင်းမှာလည်း အသင်းအတွက် သွင်းဂိုးတစ်ဂိုးနဲ့ ဂိုးဖန်တီးမှုတစ်ကြိမ်ကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မက်ဒီဆန်ဟာ မကြာခင်မှာ နိုင်ငံတကာရက်သတ္တပတ်ကို ဖြတ်သန်းရတော့မယ့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာတော့ သူရွေးချယ်ခံရခြင်း မရှိခဲ့ရတဲ့အတွက် စိတ်ပျက်နေရတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်ကစားသမား ဂျိမ်းစ်မက်ဒီဆန်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကတည်းက ရရှိထားခဲ့တဲ့ ဒဏ်ရာပြသာနာကြောင့် ဒီရာသီအစထိပါ ကြံခိုင်မှုအားနည်းနေရပြီး ရာသီအဖွင့်ပွဲစဉ်တွေအတွင်းမှာ လူစားဝင်ကစားသမားအဖြစ်နဲ့ပဲ ဆက်တိုက်ကစားခဲ့ရသလို သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေလည်း လုပ်ဆောင်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ကြံခိုင်မှု ပြန်လည်ကောင်းမွန်လာချိန်မှာတော့ မက်ဒီဆန်ဟာ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲအတွင်း သူရဲ့ဒီရာသီ ပထမဆုံးသောသွင်းဂိုးကို စတင်သွင်းယူနိုင်ခဲ့သလို မနေ့ညက ယူရိုပါလိဂ်ပွဲမှာလည်း အကောင်းဆုံးခြေစွမ်းတွေ ပြသသွားနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီလိုစွမ်းဆောင်ရည်ကောင်းတွေကို ပြန်လည်ပြသနိုင်ခဲ့ပေမယ့် နိုင်ငံတကာပွဲတွေ ပြန်လည်ယှဉ်ပြိုင်ကစားရတော့မယ့် အင်္ဂလန်အသင်းရဲ့လူစာရင်းအတွင်း ချန်လှပ်ခံခဲ့ရတဲ့အပေါ် မက်ဒီဆန်က စိတ်ပျက်လို့နေရပါတယ်။ မက်ဒီဆန်က “ကျွန်တော်အရိုးသားဆုံး ဝန်ခံရမယ်ဆိုရင်တော့ စိတ်ပျက်နေမိတယ်။ ကျွန်တော်က အင်္ဂလန်အသင်းရဲ့လူစာရင်းအတွင်းမှာ ပါဝင်နေချင်မိတာ။ ဒါက ကလေးဘဝကတည်းက မက်ခဲ့ရတဲ့ အိမ်မက်တစ်ခုပဲလေ။ ပြီးတော့ ဒါကိုလည်း ကျွန်တော်ကိုယ်တိုင် ခံစားခဲ့ဖူးသေးတာကို။ ဒါပေမယ့် လက်ရွေးစင်အသင်းရဲ့ လူစာရင်းကို ကျွန်တော်လိုက်ပြီး ထိန်းချုပ်လို့မှ မဖြစ်နိုင်တာ။ ဆိုတော့ လက်စတာအသင်းအတွက်ကိုပဲ ကျွန်တော်ရဲ့ပုံစံကောင်းကို ဆက်လက်ပြသနိုင်ဖို့ကိုပဲ အာရုံစိုက်ထားရမယ်။ ကျွန်တော်တို့က အခုဆိုရင် အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာကို ရောက်ရှိလို့နေပြီးတော့ ယူရိုပါလိဂ်မှာဆိုရင်လည်း အသင်းက ပွဲတိုင်းကို အနိုင်ရထားပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ မက်ဒီဆန်ဟာ ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲအတွင်းမှာ လက်စတာအတွက် (၃)ပွဲလုံး ပါဝင်ကစားထားပြီးနောက် (၂)ဂိုးသွင်းယူထားခဲ့ကာ (၂)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပြီး ပွဲတိုင်းနီးပါးမှာ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။