တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျိမ်းစ် မက်ဒီဆင်က သူ့အနေနဲ့ ဒီနွေမှာ စပါးအသင်းဆီ ပြောင်းရွှေ့လာခဲ့ရတာက စပါးအသင်းနည်းပြ ပိုစတီကိုဂလူရဲ့ ပရောဂျက်ကို အပြည့်အဝ ယုံကြည်တာကြောင့် ဖြစ်တယ်လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မက်ဒီဆင်ဟာ ဒီနွေမှာ လက်စတာကနေ စပါးအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် (၄၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး စပါးအသင်းမှာ မျှော်လင့်ထားတာထက် ပိုမို တောက်ပပြနေပြီး လက်ရှိမှာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးပါ ဖြစ်နေရပါတယ်။

Photo Credit : talkSPORT

မက်ဒီဆင်ဟာ စပါးအသင်းမှာ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်နဲ့ အတွဲမိမိ ကစားနေနိုင်ပြီး (၁၁)ပွဲကစား (၃)ဂိုးသွင်း (၅)ဂိုးအထိ ဖန်တီးပေးထားနိုင်သလို ရာသီအစမှာပဲ သြဂုတ်လရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်ခဲ့ရပါတယ်။

ဒီလို စပါးနဲ့ အံ့ဝင်ခွင်ကျ ဖြစ်နေတဲ့ မက်ဒီဆင်က “ကျွန်တော်နဲ့ နည်းပြကြီးတို့က သူ့ကစားပုံနဲ့ ကျွန်တော် ဘယ်လို အံ့ဝင်မယ်ဆိုတာကို ပြောဆိုကြပြီးတဲ့နောက်မှာ သူက ကျွန်တော် စပါးအသင်းဆီ လာသည်ဖြစ်စေ မလာသည်ဖြစ်စေ အရင် တော့တင်ဟမ် ဟော့စပါးနဲ့ ဘာမှ မတူတော့တဲ့ အသင်းတစ်သင်းကို မြင်ရလိမ့်မယ်လို့ သူ ပြောခဲ့တယ်။”

Photo Credit : Eurosport

“သူ ယုံကြည်ချက်ရှိရှိနဲ့ ပြောဆိုခဲ့တာကို ကျွန်တော် သဘောကျမိတယ်။ နောက်ပြီး ကျွန်တော် အန့်ဂျ်(ပိုစတီကိုဂလူး)နဲ့အတူ လက်တွဲပြီး အလုပ်လုပ်ချင်သွားပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာတော့ မက်ဒီဆင် ပိုစတီကိုဂလူတို့ရဲ့ စပါးအသင်းဟာ လိဂ်ဖလားမှာ အစောကြီး ပြုတ်ထားခဲ့ရပေမယ့် ပရီးမီးယားလိဂ်မှာတော့ (၁၀)ပွဲ ကစားထားပြီးချိန် လုံးဝကို ရှုံးပွဲမရှိအောင် ကစားထားနိုင်ရင်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေသလို အာဆင်နယ် မန်စီးတီးတို့ကိုပါ (၂)မှတ်စီ ဖြတ်တောက်ထားနိုင်ပါတယ်။