MySport Myanmar

အမ်ဘာပေက PSGမှာ ဆက်နေအောင် စည်းရုံးပေးမယ် ဆိုတဲ့ ပြင်သစ်သမ္မတ မက်ခရွန်

French President Emmanuel Macron hugs France's forward #10 Kylian Mbappe at the end of the Qatar 2022 World Cup final football match between Argentina and France at Lusail Stadium in Lusail, north of Doha on December 18, 2022. (Photo by Jewel SAMAD / AFP)

ပြင်သစ်နိုင်ငံရဲ့ သမ္မတ အဖြစ် ရွေးကောက် တင်မြှောက်ခံထားရတဲ့ မက်ခရွန်က ယခု ရက်ပိုင်းအတွင်းမှာပဲ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ စာချုပ်သစ် မချုပ်တော့ဘူးလို့ အတိအလင်း ထုတ်ပြောထားတဲ့ ပြင်သစ်ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို ပီအက်စ်ဂျီမှာ ဆက်နေအောင် စည်းရုံးပေးမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ပြီးခဲ့တဲ့ ၂၀၂၂ နွေဈေးကွက် အတွင်းမှာ ပီအက်စ်ဂျီ ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ နီးစပ်ခဲ့ပေမယ့် ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ စည်းရုံး သိမ်သွင်းမှုကြောင့် ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ထပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: PSG Talk

ပီအက်စ်ဂျီက အမ်ဘာပေကို ၂နှစ် + အပို ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ခဲ့တာ ဖြစ်သလို အမ်ဘာပေကို အသင်းမှာ ၁နှစ် ကစားတိုင်း ဆုကြေး ယူရို ၅၀သန်း ပေးချေမယ်လို့ သဘောတူခဲ့ပေမယ့် အမ်ဘာပေက စာချုပ်သစ် ချုပ်အပြီး ၁နှစ် အကြာမှာပဲ သူဟာ စာချုပ်ပါ အပို ၁နှစ်ကို ဆက်လက် သက်တမ်းတိုးတော့မှာ မဟုတ်ကြောင်း ပီအက်စ်ဂျီရဲ့ ဘုတ်အဖွဲ့ထံ အကြောင်းကြားကာ လာမယ့် ၂၀၂၄ နွေဈေးကွက် အတွင်းမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းဖို့ စီစဉ်နေပါတယ်။

လက်ရှိမှာတော့ ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက ၂၀၂၅ခုနှစ် အထိ စာချုပ်ချုပ်မယ်လို့ သဘောတူခဲ့ပြီးမှ ၂၀၂၄ခုနှစ်မှာ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ အမ်ဘာပေကို ဒေါသပုံ ထနေကြပြီး ပီအက်စ်ဂျီက အမ်ဘာပေကို အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ် တိုးရင်တိုး ၊ မတိုးရင် ယခု နွေဈေးကွက် အတွင်းမှာပဲ ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။

 

Photo Credit: Football Espana

ပြီးခဲ့တဲ့နှစ်မှာ အမ်ဘာပေ တယောက် ပီအက်စ်ဂျီမှာ ဆက်နေအောင် စည်းရုံးပေးခဲ့တဲ့ ပြင်သစ်သမ္မတ ဖြစ်သူ မက်ခရွန်ကတော့ အမ်ဘာပေကို ပီအက်စ်ဂျီမှာပဲ ဆက်လက် မြင်တွေ့ချင်နေပြီး မက်ခရွန်က နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း သူဟာ အမ်ဘာပေရဲ့ စိတ်ကူး ပြောင်းလဲသွားအောင် ကြိုးစားပေးဦးမယ်လို့ ပီအက်စ်ဂျီ ပရိသတ်တွေကို ကတိပေးသွားခဲ့ပါတယ်။

မက်ခရွန်က – “ကျွန်တော်က အမ်ဘာပေ တယောက် ဘာတွေ တွေးနေလဲ ၊ ဘာတွေ လုပ်နေလဲ ဆိုတာကို မသိပါဘူး။ ဒါပေမယ့် ကျွန်တော်က အမ်ဘာပေ တယောက် ပီအက်စ်ဂျီမှာ ဆက်နေအောင် တိုက်တွန်းဦးမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version