ယနေ့မနက် အစောပိုင်းမှာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ပြင်သစ် ၂-၀ မော်ရိုကို ပွဲစဉ်အပြီးမှာ ပြင်သစ်သမ္မတ မက်ရွန်က မော်ရိုကိုရဲ့ အဝတ်လဲခန်းအထိ သွားကာ မော်ရိုကို ကစားသမားတွေကို အားပေး နှစ်သိမ့်ခဲ့ကြောင်း သိရပါတယ်။

ပြင်သစ်နဲ့ မော်ရိုကိုတို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြသလို နှစ်သင်းစလုံးဟာ တိုက်စစ် ကစားပုံ မြန်ဆန်တာကြောင့် ပွဲက အတော်လေးကို ကြည့်ကောင်းခဲ့ပါတယ်။

Photo Credit: The Sun

ဒါပေမယ့် ကမ္ဘာ့အဆင့် ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ ပြင်သစ်က အရေးပါတဲ့ အခိုက်အတန့်တွေမှာ မော်ရိုကိုထက် ပိုသာခဲ့ပြီး ပြင်သစ်ရဲ့ အနိုင်ဂိုးတွေကလည်း ဂရစ်ဇ်မန်းနဲ့ အမ်ဘာပေတို့လို ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေရဲ့ ရုန်းအား ၊ တိုးအားတွေ ကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါပွဲမှာ ပြင်သစ်အတွက် အနိုင်ဂိုးတွေကို ဘယ်နောက်ခံလူ ဟာနန်ဒက်ဇ်နဲ့ လူစားဝင် တိုက်စစ်မှူး မူအာနီတို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး မော်ရိုကိုကတော့ ချေပဂိုးတွေ ပြန်ရဖို့ ပွဲပြီးချိန်အထိ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ပြင်သစ် ခံစစ်ရဲ့ မာကျောမှုကြောင့် သိက္ခာဆယ် ချေပဂိုး တဂိုးတောင် မရခဲ့ပါဘူး။

 

Photo Credit: The Sun

ဒါပေမယ့် မော်ရိုကိုရဲ့ ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ စွမ်းဆောင်ရည်ဟာ နတ်သမီးပုံပြင် တပုဒ်လို ခမ်းနားခဲ့ပြီး ဘယ်လ်ဂျီယံ ၊ စပိန်နဲ့ ပေါ်တူဂီတို့လို ဥရောပရဲ့ အကောင်းဆုံး အသင်းတွေကို အနိုင်ရအောင် ကစားနိုင်ခဲ့တာက မော်ရိုကိုအတွက်ရော ၊ အာဖရိကတိုက် အတွက်ပါ ဂုဏ်ယူစရာကောင်းလွန်းတဲ့ စွမ်းဆောင်ရည်မျိုးပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ပြင်သစ် ၂-၀ မော်ရိုကိုပွဲကို တက်ရောက် ကြည့်ရှုခဲ့တဲ့ ပြင်သစ်သမ္မတ မက်ရွန်က ပွဲပြီးဆုံးချိန်မှာ မော်ရိုကိုရဲ့ အဝတ်လဲခန်းထဲကို ဝင်ရောက်ကာ မော်ရိုကို ကစားသမားတွေကို နှစ်သိမ့်အားပေးခဲ့ပြီး မက်ရွန်ဟာ မော်ရိုကိုရဲ့ အဓိက ကွင်းလယ်လူ အမ်ရာဘက်ကိုလည်း ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်လူ အဖြစ် ချီးကျူးခဲ့သေးကြောင်း နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားပါတယ်။