MySport Myanmar

ဂရေဟမ်ပေါ်တာကို ရှုံးပွဲတွေ့အောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတဲ့ မက်အယ်လစ္စတာ

ဘရိုက်တန်အသင်းရဲ့ အာဂျင်တီးနား ကွင်းလယ်ကစားသမား မက်အယ်လစ္စတာက သူရဲ့ဆရာသမားဟောင်းဖြစ်သူ နည်းပြဂရေဟမ်ပေါ်တာနဲ့ ပြန်လည် ဆုံတွေ့ရမယ့် ဘရိုက်တန်-ချယ်လ်ဆီး ပွဲစဉ်မှာ ချယ်လ်ဆီးကို ကိုင်တွယ်ပြီးနောက်ပိုင်း လုံးဝ ရှုံးပွဲမရှိသေးတဲ့ ပေါ်တာကို ပထမဆုံး ရှုံးပွဲတွေ့သွားအောင် လုပ်ဆောင်ပြသွားမယ်လို့ ကြုံးဝါးပြောကြားလိုက်ပါတယ်။

Photo Credit : The Sun

ဘရိုက်တန်နည်းပြဟောင်း ပေါ်တာဟာ ဒီရာသီအစပိုင်းမှာ ဘရိုက်တန်အသင်းကို အကောင်းဆုံးပုံစံရအောင် ကိုင်တွယ်ထားနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးက တူဟယ်လ်ကို နည်းပြရာထူးကနေ ထုတ်ပယ်ပြီးနောက်ပိုင်း ပေါ်တာကို နည်းပြသစ်အဖြစ် ကမ်းလှမ်းလာခဲ့ရာ ပေါ်တာဘက်က လက်ခံခဲ့တာကြောင့် အချိန်တိုလေးအတွင်းမှာပဲ ပေါ်တာက ချယ်လ်ဆီးနည်းပြ ဖြစ်လာခဲ့ရပါတယ်။ အခုဆိုရင် ပေါ်တာဟာ ချယ်လ်ဆီးကို ကိုင်တွယ်ပြီးနောက် (၈)ပွဲဆက်တိုက်ထိ ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးထားခဲ့ကာ အခုဆိုရင်တော့ ပေါ်တာအနေနဲ့ သူ့အသင်းဟောင်းကို Amex ကွင်းမှာ ပြန်လည် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : The Sun

ပေါ်တာနဲ့ ပြန်လည် ရင်ဆိုင်ရတော့မယ့် မက်အယ်လစ္စတာက “အသင်းပရိသတ်တွေက သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ဒီလို ကြိုဆိုမှုနဲ့ ထိုက်တန်လို့ပါပဲ။ ဂရေဟမ်နဲ့ သူရဲ့နည်းပြအဖွဲ့ဝင်တွေက ကျွန်တော်တို့အတွက် အံ့မခန်းပါပဲ။ သူတို့တွေဟာ ကျွန်တော်တို့အသင်း တိုးတတ်လာမှုမှာ တစ်စိတ်တစ်ပိုင်းက ပါဝင်ခဲ့ကြတာဖြစ်သလို သူကလည်း အသင်းအတွက် တကယ့် အံ့မခန်းပါပဲ။ ချယ်လ်ဆီးနဲ့ပွဲမှာ ပါဝင်ရဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပွဲပြီးသွားရင်လည်း သူတို့အသင်း အကောင်းဆုံး ဖြစ်စေဖို့ ကျွန်တော်တို့ ဆုတောင်းပေးသွားမှာပါ။ သူ အသင်းကနေ ထွက်ခွာသွားချိန်က အရမ်းကို လျင်လျင်မြန်မြန် ဖြစ်သွားခဲ့လို့ ကျွန်တော် တော်တော်လေး အံ့အားသင့်မိရတယ်။ ဒါပေမယ့် ဒါတွေက ဘောလုံးလောကမှာ ဖြစ်နေတတ်တာမို့လို့ ကျွန်တော် စိတ်မပျက်မိပါဘူး။ ဒါက သူ့အတွက်လည်း ကြီးမားတဲ့ အခွင့်အရေးဖြစ်လို့ ကျွန်တော်တို့တွေ သူ ဆုံးဖြတ်ချက်ကို လေးစားရပါမယ်။ ကျွန်တော်တို့တွေလည်း သူ့အသင်းကို အကောင်းဆုံး ရင်ဆိုင်သွားဖို့ ပြင်ဆင်ထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာ ဘရိုက်တန်အသင်းဟာ ရှက်တာဒိုးနက် နည်းပြဟောင်း ဒီဇာဘီရောဘတ်တိုကို နည်းပြအဖြစ် ခန့်အပ်လို့ထားပြီး နောက်ဆုံးကစားထားတဲ့ (၅)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးလျက် ရှိနေပါတယ်။

Exit mobile version