ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ကိုင်လီယန် အမ်ဘာပေက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပီအက်စ်ဂျီ ၄-၂ နန့်တက်စ် ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး ၁ဂိုး သွင်းယူပေးခဲ့ပြီးနောက် ပီအက်စ်ဂျီရဲ့ သမိုင်းတလျှောက် ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၂၄နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ်လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ၂၀၁၈ခုနှစ်မှာ မိုနာကို ကနေ ပီအက်စ်ဂျီထံ လူငယ် ကစားသမား တဦး အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၈၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ပီအက်စ်ဂျီ အတွက် ၅နှစ်ကြာအောင် ကစားပေးခဲ့ပါတယ်။

Photo Credit: PSG Talk

အမ်ဘာပေက ပီအက်စ်ဂျီအတွက် ၅နှစ် ကြာအောင် ကစားပေးခဲ့ရာ ပြိုင်ပွဲစုံမှာ ၂၄၇ပွဲ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၂၀၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၉၅ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ကာ ဆုဖလား ၁၃လုံး အထိ ရယူနိုင်ခဲ့ပါတယ်။

အမ်ဘာပေက ပီအက်စ်ဂျီအတွက် ၂၄၇ပွဲမှာ သွင်းဂိုး ၂၀၁ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ ကာဗာနီကို (၂၀၀ဂိုး) ကျော်ဖြတ်ကာ အသင်းရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့ပါတယ်။

Photo Credit: PSG Talk

ပီအက်စ်ဂျီ ၄-၂ နန့်တက်စ် ပွဲအပြီးမှာတော့ အမ်ဘာပေက သူဟာ သမိုင်းသစ် ရေးမယ့် ကစားသမား ဖြစ်တာကြောင့် အခုလို ဂုဏ်ယူစရာ စံချိန်တွေကို တောက်လျှောက် ရနေဦးမှာပါပဲလို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောလာခဲ့ပါတယ်။ အမ်ဘာပေက – “ကျွန်တော်က သမိုင်းသစ် ရေးထိုးဖို့ အတွက် ကစားနေတာပါ။ ကျွန်တော် အမြဲတမ်းလည်း ပြောခဲ့ပါတယ်။ ကျွန်တော်က ပြင်သစ်မြေ ၊ ကိုယ့်နိုင်ငံရဲ့ မြို့တော် ၊ ကျွန်တော့်ရဲ့ မွေးရပ်မြေမြို့မှာ သမိုင်းသစ် ရေးထိုးချင်ခဲ့တာပါ။ အခုလည်း သမိုင်းသစ်တွေ ဆက်လက် ရေးထိုးနိုင်အောင် ကြိုးစားနေပါတယ်။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ စံချိန်ကောင်း တခုကို ရခဲ့လို့ ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ နောက်ထပ် ကြိုးစားပြီး ရယူရဦးမယ့် အရာတွေ အများကြီး ရှိပါသေးတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။