ပြင်သစ်လီဂူးဝမ်း နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ လိုင်ယွန်ရဲ့ ဥက္ကဌ ဂျင်းစ် မိုက်ကယ် အူလက် ကတော့ သူတို့ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အသင်းရဲ့ ကစားသမားဟောင်း လာကာဇက်ကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပရိသတ်တွေကို ကတိပေးလိုက်ပါတယ်။

အသက် ၃၀ အရွယ် ပြင်သစ်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ဟာ ၂၀၁၇ခုနှစ်မှာ လိုင်ယွန်ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၅၃သန်းနဲ့ ပြောင်းရွှေ့သွားသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာတော့ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားလည်း ဖြစ်ပါတယ်။

 

Photo Credit: Marca

လာကာဇက်ဟာ လိုင်ယွန်ရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်သလို အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ဖူးပြီး အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဆိုရင်လည်း မမှားပါဘူး။

လာကာဇက်ဟာ လိုင်ယွန်အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၂၇၅ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၂၉ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၄၆ကြိမ် ပြုလုပ်နိုင်ခဲ့ကာ လိုင်ယွန်နဲ့အတူ ပြင်သစ်ဖလား ၁လုံး ၊ ပြင်သစ် စူပါဖလား ၂လုံးတို့ အပြင် လီဂူးဝမ်းရဲ့ ဂိုးသွင်းဘုရင်ဆု တကြိမ်တို့ကိုပါ အရယူနိုင်ခဲ့သူပါ။

Photo Credit: Marca

ဒါကြောင့်ပဲ အာဆင်နယ်ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ လာကာဇက်ကို ခေါ်ယူဖို့ အတွက် ကြိုးစားနေတဲ့ အသင်းတွေထဲမှာ လိုင်ယွန်လည်း ပါဝင်နေကာ လိုင်ယွန်ဥက္ကဌ အူလက်ကတော့ သူတို့ဟာ လာကာဇက်ကို ခေါ်နိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အူလက်က – “ကျွန်တော်တို့က လာကာဇက်ကို လာမယ့် ဇွန်လမှာ ခေါ်ယူနိုင်အောင် အစွမ်းကုန် ကြိုးစားနေပါတယ်။ ပြီးတော့ ကျွန်တော်တို့အသင်းက အမြဲတမ်းလည်း သူနဲ့ အဆက်အသွယ် ရှိပါတယ်” လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။