ယနေ့မနက်မှာ ကစားခဲ့တဲ့ လိုင်ယွန်အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အင်အားကြီး အသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းကသာ ပွဲကို အသာစီးရသွားမယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ထုံးစံအတိုင်း မမျှော်လင့်ထားတဲ့ ရလဒ်တစ်ခုနဲ့အတူ အိမ်ရှင် လိုင်ယွန်အသင်းဟာ ဂျူဗင်တပ်ကို အနိုင်ရရှိခဲ့ပါတယ်။ လိုင်ယွန်အသင်းဟာ တစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ ဂျူဗင်တပ်အသင်းကို အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: UEFA.com

ပြင်သစ်မြေမှာ ကစားခဲ့ရတဲ့ပွဲစဉ်မှာ လိုင်ယွန် အသင်းဟာ ကျစ်ကျစ်လျစ်လျစ် ကစားဟန်နဲ့ ပွဲထွက်လာခဲ့သလို ဂျူဗင်တပ်အသင်းဘက်ကလဲ စီရိုနယ်ဒို ၊ ဒိုင်ဘာလာစတဲ့ တိုက်စစ်မှူးနှစ်ဦးနဲ့အတူ လိုင်ယွန်အသင်းကို ပထမအကျော့မှာကတည်းက အနိုင်ယူဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ပွဲအတွင်းမှာတော့ အိမ်ရှင် လိုင်ယွန်အသင်းဟာ ကျစ်လျစ်တဲ့ ကစားပုံကို ရရှိခဲ့ပြီး ဧည့်သည် ဂျူဗင်တပ်အသင်းကို ဂိုးသွင်းခွင့်တွေ များများစားစား ခွင့်ပြုပေးခဲ့ရခြင်းမရှိပဲ အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ကွင်းလယ်လူ တူဆာ့ပ်က ပွဲချိန် ၃၁မိနစ်မှာ သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: UEFA.com

အဆိုပါနိုင်ပွဲဟာ လိုင်ယွန်အသင်းအတွက် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်အချို့ကို ပေးအပ်ခဲ့သလို ချိုမြိန်တဲ့ နိုင်ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ အဆိုပါနိုင်ပွဲက လိုင်ယွန်အသင်းရဲ့ သမိုင်းမှာ ဂျူဗင်တပ်အသင်းကို ပထမဦးဆုံးအကြိမ် အနိုင်ရခဲ့တာဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ လိုင်ယွန်အသင်းဟာ ယခုတစ်ကြိမ်အပါအဝင် ဂျူဗင်တပ်အသင်းနဲ့ ငါးကြိမ်တွေ့ဆုံရာမှာ တစ်ပွဲနိုင် တစ်ပွဲသရေ သုံးပွဲရှုံးဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားကြောင်း သိရှိရပါတယ်။