ပြင်သစ် နာမည်ကြီး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ လိုင်ယွန်အသင်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် နယ်သာလန် လက်ရွေးစင် တောင်ပံ ကစားသမား ဒီပိုင်းကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ကျိန်းသေပေါက် ရောင်းထုတ်သွားမှာ ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၆နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် တောင်ပံ ကစားသမား ဒီပိုင်းဟာ လက်ရှိမှာ လိုင်ယွန်အသင်းရဲ့ အဓိက ကစားသမား တစ်ဦး အဖြစ် ခြေစွမ်းပြ ကစားနေပေမယ့် လိုင်ယွန်အသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုတော့မှာ မဟုတ်ကြောင်း အတိအလင်း ဖွင့်ဟ ပြောကြား ထားတာကြောင့် အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရစေရန် အတွက် လိုင်ယွန်အသင်းဟာ ဒီပိုင်းကို ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရောင်းချချင် နေတာပါ။

Photo Credit: Marca

အသက် ၂၆နှစ် အရွယ်သာ ရှိသေးတဲ့ ဒီပိုင်းဟာ ပီအက်စ်ဗွီအသင်း ၊ မန်ချက်စတာ ယူနိုက်တက် အသင်းတို့မှာ ကစားဖူးသူ တစ်ဦးဖြစ်ကာ လက်ရှိ ဘောလုံးရာသီမှာလည်း လိုင်ယွန်အသင်း အတွက် ၁၆ပွဲ ပါဝင် ကစားပေးထားပြီး ၈ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၄ကြိမ်အထိ ပြုလုပ် ထားနိုင်ပါတယ်။ ဒါ့ကြောင့် လိုင်ယွန်အသင်းကနေ ထွက်ခွာမယ့် ဒီပိုင်းကို ခေါ်ယူဖို့ စောင့်ကြည့်နေကြတဲ့ အသင်းတွေ အများအပြား ရှိနေပြီး အဆိုပါ အသင်းတွေ အနက် စပိန် လာလီဂါ အင်အားကြီး အသင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းနဲ့ ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းတို့ဟာ ဒီပိုင်းကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီး အီတလီ အသင်းအချို့ကလည်း ဒီပိုင်းကို ခေါ်ယူချင်နေပါတယ်။

Photo Credit: Marca

စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Mundo Deportivo သတင်းဌာနရဲ့ ဖော်ပြချက် အရ လိုင်ယွန်အသင်းဟာ ဒီပိုင်းကို ပြောင်းရွှေ့ကြေး ယူရို ၅သန်း ရရုံနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး လက်ရှိ မှာတော့ ဘာစီလိုနာ အသင်းဟာ ဒီပိုင်းကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ စတင်တော့မှာ ဖြစ်ကာ ဒီပိုင်းဟာလည်း ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ခွင့် ရဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ လက်ရှိ ဘာစီလိုနာ အသင်းရဲ့ နည်းပြဖြစ်သူ ရော်နယ်ကိုးမန်းဟာ နယ်သာလန် အသင်းကို ကိုင်တွယ်စဉ်က ဒီပိုင်းနဲ့ လက်တွဲခဲ့ဖူးပြီး ဒီပိုင်းကို ခေါ်ယူပေးဖို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကတည်းက ဘာစီလိုနာ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုခဲ့ဖူးသူလည်း ဖြစ်ပါတယ်။