ပြင်သစ်လိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ လိုင်ယွန်အသင်းရဲ့ ဥက္ကဌဖြစ်သူ ဂျူနင်ဟို ကတော့ သူတို့အသင်းရဲ့ ကွင်းလယ်လူ အာဝါ အတွက် ပရီးမီးယားလိဂ် ထိပ်သီးကလပ် အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှု တစ်ခု ရခဲ့ပေမယ့် ပယ်ချခဲ့ကြောင်း အင်တာဗျူးတစ်ခုမှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ကွင်းလယ်လူ အာဝါဟာ လိုင်ယွန်အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ပြီး ကွင်းလယ်အထိုင် နေရာမှာ ကျကျနန ကစားတတ်တဲ့ သူ့ကို ခေါ်ယူဖို့ အတွက် လက်ရှိမှာတော့ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းတို့က စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Football Arena

အာဝါဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိုင်ယွန်အသင်းအတွက် ပြိုင်ပွဲစုံမှာ ၄၁ ပွဲအထိ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၉ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၀ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အာဝါကို ခေါ်ယူဖို့ အတွက် အာဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းတို့က အဓိက ကြိုးစားနေကြပြီး အာဆင်နယ်အသင်းကတော့ အာဝါကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေကို အဆက်မပြတ် ပြုလုပ်နေပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ အာဆင်နယ်အသင်းဟာ အာဝါကို ခေါ်ယူနိုင်ဖို့ အတွက် သူတို့အသင်းရဲ့ ကွင်းလယ်လူ ဂွမ်ဒူဇီနဲ့ ငွေသားအနည်းငယ် ကို ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် လိုင်ယွန်အသင်းဘက် ကတော့ အာဝါ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၄.၅ သန်း အလိုရှိနေတယ် လို့ သိရပါတယ်။

Photo Credit: Football Arena

အာဝါအတွက် အာဆင်နယ်အသင်းဆီ ကနေ ကမ်းလှမ်းမှု ရရှိခဲ့ကြောင်းနဲ့ အဆိုပါ ကမ်းလှမ်းမှုကို သဘောမကျတာကြောင့် ပယ်ချခဲ့ကြောင်း လိုင်ယွန်အသင်းရဲ့ ဥက္ကဌဖြစ်သူ ဂျူနင်ဟိုက အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ ဂျူနင်ဟို က ” ကျွန်တော်က အီဒူးနဲ့ အတော်လေးကို ဆက်ဆံရေး ကောင်းပါတယ်။ ကျွန်တော်တို့တွေ ဖုန်းကနေတဆင့် စကားပြောခဲ့ကြတာပါ။ အာတီတာဟာ အာဝါကို အတော်သဘောကျနေတယ် လို့ သိရပါတယ်။ သူတို့ရဲ့ ကမ်းလှမ်းချက်ထဲမှာတော့ ဂွမ်ဒူဇီက ပါဝင်ပါတယ်။ သူက တကယ်ကို ကောင်းတဲ့ ကစားသမားပါ။ ဒါပေမယ့် သူ့ကို ခေါ်ယူဖို့ ကျွန်တော်တို့ဘက်က စိတ်မဝင်စားပါဘူး။ ဒါ့ကြောင့်ပဲ ကျွန်တော်တို့ဟာ သူတို့ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ် ” လို့ ပြောကြား သွားခဲ့ပါတယ်။