ဘာစီလိုနာအသင်းဟာ နွေစျေးကွက်အတွင်းမှာ လိုင်ယွန်အသင်းရဲ့ နယ်သာလန်တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကို အသင်းရဲ့ဦးစားပေးပစ်မှတ်အဖြစ်နဲ့ ခေါ်ယူသွားဖို့ ကြိုးပမ်းခဲ့ရာ ယူရို(၂၅)သန်းဝန်းကျင်လောက်နဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့်လည်း ဘာစီလိုနာဘက်ကနေ သူတို့အသင်းရဲ့ တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီကို အသင်းကနေ ရောင်းမထုတ်နိုင်ခဲ့တဲ့အတွက် ဒီပိုင်းရဲ့အပြောင်းအရွှေ့ကိုလည်း အပြီးမသတ်နိုင်တော့ပဲ အပြောင်းအရွှေ့ကလည်း ပျက်ပြယ်သွားခဲ့ရပါတယ်။

ဘာစီလိုနာအသင်းရဲ့ နည်းပြသစ်ဖြစ်တဲ့ ရော်နယ်ကိုးမန်းက အသင်းရဲ့တိုက်စစ်ပိုင်းအတွက် သူနဲ့ တစ်နိုင်ငံတည်းသားဖြစ်တဲ့ ဒီပိုင်းကို ခေါ်ယူဖို့အတွက် အဓိကပစ်မှတ်ထားခဲ့ပေမယ့် အသင်းရဲ့ ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီက ယူနိုက်တက်ကို ပြောင်းရွှေ့ကစားဖို့ အဆင်မပြေခဲ့တာကြောင့် ဒီပိုင်းရဲ့အပြောင်းအရွှေ့ကပါ အလိုအလျောက် ပျက်ပြယ်သွားခဲ့ရတာဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ အထမမြောက်ခဲ့တာနဲ့ပတ်သက်ပြီး လိုင်ယွန်အသင်းရဲ့ဥက္ကဌဖြစ်သူ အာလူလက်စ်က “ဒီပိုင်းရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အကောင်းဆုံးကမ်းလှမ်းမှုတွေကို ကျွန်တော်တို့ မရရှိခဲ့ပါဘူး”

“ကျွန်တော်တို့တွေအနေနဲ့လည်း သူ့ကိုကမ်းလှမ်းလာတဲ့ အသင်းတွေကို စဉ်းစားပေးရတဲ့အပြင် သူရဲ့စာချုပ်သက်တမ်းကို ထပ်မံတိုးမြှင့်နိုင်ဖို့အတွက် ကြိုးပမ်းလို့နေခဲ့ပါသေးတယ်။ အခု သူအသင်းမှာ ဆက်လက်ကျန်ရစ်တော့မှာဖြစ်လို့ အသင်းအတွက် သူအကောင်းဆုံးတွေ ကြိုးစားပေးလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အသက်(၂၆)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဒီပိုင်းဟာ လက်ရှိမှာ လိုင်ယွန်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိနေတော့ပြီး ဒီပိုင်းဘက်ကနေလည်း သက်တမ်းတိုးသွားဖို့ ဆန္ဒမရှိတော့တဲ့အတွက် ဒီနွေစျေးကွက်မှာ အသင်းကနေ ရောင်းချသွားဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုအခြေအနေရှိတဲ့ ဒီပိုင်းကိုလည်း ဘာစီလိုနာဘက်ကနေ စိတ်ဝင်တစားနဲ့ကို ခေါ်ယူသွားဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဒီပိုင်းရဲ့အပြောင်းအရွှေ့ဟာ ဒမ်ဘီလီရဲ့အပြောင်းအရွှေ့အပေါ်မှာ မူတည်နေတာဖြစ်လို့ ဒမ်ဘီလီကို အသင်းကနေ မရောင်းချနိုင်ခဲ့တဲ့အခါ ဒီပိုင်းကို ခေါ်ယူဖို့မှာလည်း ခက်ခဲသွားခဲ့ရတာဖြစ်လို့ နောက်ဆုံးမှာတော့ လုံးဝကို လက်လျှော့လိုက်ရပါတယ်။ လိုင်ယွန်အသင်းဘက်ကကြည့်ရင်တော့ အသင်းရဲ့အဓိကကြယ်ပွင့်တွေဖြစ်တဲ့ ဒီပိုင်းနဲ့ ကွင်းလယ်လူအာဝါတို့ကို နွေစျေးကွက်အတွင်း အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာက ကောင်းမွန်တဲ့ အခြေအနေဆိုပေမယ့် လာမယ့်စျေးကွက်အတွင်း ဒီပိုင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးရဖို့အတွက် သက်တမ်းတိုးဖို့ကို မဖြစ်မနေ လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။