လိုင်ယွန်အသင်းရဲ့ ဘယ်နောက်ခံ ကစားသမား မာကယ်လ် (Marcal) ကတော့ နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ် မတိုင်ခင်မှာ လိုင်ယွန်အသင်းက လက်ရှိရာသီ ချန်ပီယံလိဂ် ဆုဖလားကို ရရှိနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။ လိုင်ယွန်အသင်းဟာ (၁၆) သင်းအဆင့် ပွဲစဉ်မှာ ဂျုဗင်တပ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ကွာတား ဖိုင်နယ် ပွဲစဉ်ကို တက်လှမ်းလာခဲ့ပြီး ကွာတား ဖိုင်နယ် ပွဲစဉ်မှာတော့ ရီးရဲလ်အသင်းကို အနိုင်ခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ယခုအပတ် တနင်္ဂနွေနေ့ နံနက် (၁း၃၀) အချိန်မှာ ကစားရမှာပါ။

Photo Credit: Goal

ချန်ပီယံလိဂ် ပြိုင်ပွဲဟာ ကွာတား ဖိုင်နယ် ပွဲစဉ်ကနေ ချန်ပီယံလိဂ် ပြိုင်ပွဲဝင် အသင်းတွေရဲ့ အိမ်ကွင်းမှာ ကစားကြတာ မဟုတ်တော့ဘဲ ပေါ်တူဂီနိုင်ငံက လစ္စဘွန်မြို့မှာ ကစားနေကြတာ ဖြစ်တာကြောင့် အိမ်ကွင်းအသားချက် မရှိဘဲ အကြိတ်အနယ် ကစားသွားကြရမှာပဲ ဖြစ်ပါတယ်။  မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အစိုးမိုးဆုံး အသင်း ဖြစ်တဲ့ ရီးရဲလ်အသင်းကို ဖြုတ်နိုင်ခဲ့ပေမယ့်လည်း လိုင်ယွန် နောက်ခံလူ မာကယ်လ်ကတော့ မန်စီးတီးအသင်းနဲ့ ကစားမယ့် ပွဲစဉ် မတိုင်ခင် လိုင်ယွန်အသင်းက ချန်ပီယံလိဂ် ဆုဖလား ရရှိနိုင်ပါတယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

LeProgres သတင်းမှာ လိုင်ယွန် နောက်ခံလူ မာကယ်လ်က “အသင်းရဲ့ အဝတ်လဲခန်းအထဲမှာ လူတိုင်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို တက်လှမ်းနိုင်မယ့် လမ်းကြောင်းကိုပဲ ပြောကြပါတယ်။ တကယ်လို့ ကျွန်တော်တို့ ဗိုလ်လုပွဲစဉ်ကို တက်လှမ်းနိုင်မယ် ဆိုရင် ကျွန်တော်တို့ ချန်ပီယံလိဂ် ဆုဖလားကို ရရှိဖို့ ကြီးမားတဲ့ အခွင့်အရေး ရှိပါတယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ် ပွဲစဉ်တွေကို ကြားကွင်းမှာ အသင်းရဲ့ ပရိသတ်တွေ မပါဘဲ ကစားသွားရမှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ ဘယ်အသင်းက အနိုင်ရဖို့ ရေပန်းစားမလဲ ဆိုတာ မရှိလောက်ဘူးလို့ ကျွန်တော် ထင်မိပါတယ်။ ဒီလို အခြေအနေက ကျွန်တော်တို့အသင်းအတွက် အခွင့်အရေး ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။