ပြင်သစ် အင်အားကြီး အသင်း ဖြစ်တဲ့ လိုင်ယွန်အသင်း ကတော့ သူတို့အသင်းရဲ့ ပြင်သစ် ကွင်းလယ် ကြယ်ပွင့် ဟူဆန် အာဝါကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းက ပြုလုပ်ခဲ့တဲ့ ကမ်းလှမ်းမှု နှစ်ကြိမ် စလုံးကို ပယ်ချ သွားခဲ့ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်း ဟာ သူတို့အသင်းရဲ့ နွေရာသီ အဓိက ပစ်မှတ် အဖြစ် အာဝါကို သတ်မှတ် ထားတာကြောင့် အာဝါကို အသင်းထံ အရ ခေါ်ယူနိုင်ဖို့ ကြိုးစား သွားမှာ ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ အသင်းနှစ်သင်း ကြားမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေဟာ ဆက်လက် ပြုလုပ် နေပါတယ်။

Photo Credit: Mirror

အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ ဟူဆန် အာဝါဟာ အာဆင်နယ် အသင်းရဲ့ နည်းပြ ဖြစ်သူ အာတီတာရဲ့ စိတ်ကြိုက် ကစားသမား တစ်ဦး ဖြစ်ပြီး အာတီတာဟာ အာဝါကို ခေါ်ယူဖို့ အတွက် မန်စီးတီး အသင်းမှာ ရှိစဉ်ကတည်းက ကြိုးစား ခဲ့ဖူးပါတယ်။ ပြင်သစ် အခြေစိုက် သတင်းဌာန တစ်ခု ဖြစ်တဲ့ Tele Foot သတင်းဌာနရဲ့ ဖော်ပြချက် အရ အာဆင်နယ် အသင်းဟာ အာဝါကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘော တူညီမှု ရရှိထားပြီး အာဝါကို ၂၀၂၅ ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ် တစ်ရပ်နဲ့ ကမ်းလှမ်း သွားမှာ ဖြစ်ကာ အာဝါဘက်ကလည်း အာဆင်နယ် အသင်းရဲ့ ကမ်းလှမ်းမှုကို သဘောကျနေကြောင်း သိရှိရပါတယ်။

 

Photo Credit: Mirror

 ဒါပေမယ့် နောက်ဆုံး ရရှိထားတဲ့ သတင်းတွေ အရတော့ လိုင်ယွန် အသင်းဟာ အာဝါအတွက် အာဆင်နယ် အသင်းရဲ့ ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှု ဖြစ်တဲ့ ပေါင် ၃၅ သန်း ပမာဏ ရှိတဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့သလို ဒုတိယ အကြိမ် ကမ်းလှမ်းမှု ဖြစ်တဲ့ ပေါင် ၃၈ သန်း ပမာဏ ရှိတဲ့ ကမ်းလှမ်းမှုကိုလည်း ချက်ချင်း ပယ်ချ ထားခဲ့ကြောင်း သိထားရပါတယ်။ လိုင်ယွန် အသင်းရဲ့ ဥက္ကဌ ဖြစ်သူ အူလက်က အာဝါရဲ့ အပြောင်းအရွှေ့အတွက် အာဆင်နယ်အသင်း နဲ့ ဆွေးနွေး​ နေကြောင်း အတည်ပြု ထားပေမယ့် သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေးသာ မရရင် အာဝါဟာ လိုင်ယွန်အသင်း မှာသာ ဆက်ရှိသွားမယ် လို့ ပြောကြား ထားပါတယ်။ လိုင်ယွန် အသင်းနဲ့ နီးစပ်သူတွေ ကတော့ လိုင်ယွန်အသင်း ဟာ အာဝါအတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၅၀ သန်း အလို ရှိနေတယ် လို့ ဖွင့်ဟ ထားကြပါတယ်။ အာဆင်နယ် အသင်းဟာ မကြာမီမှာတော့ အာဝါအတွက် တတိယ အကြိမ်မြောက် ကမ်းလှမ်းမှုကို ပြုလုပ်မှာ ဖြစ်ပြီး သူတို့ရဲ့ ကမ်းလှမ်းမှုဟာ လိုင်ယွန်အသင်း လိုချင်တဲ့ ပမာဏ ဖြစ်နေမလား ဆိုတာကို ဆက်လက် စောင့်ကြည့် သွားရမှာပါ။