ဒီနေ့ညမှာတော့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲ ပထမကျော့ပွဲစဉ်များရဲ့ ဒုတိယမြောက်ရက်သတ္တပတ်ရဲ့ နောက်ဆုံးနေ့ရက်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဒီနေ့မှာလည်း ဘောလုံးပရိသတ်အကြိုက် ပွဲကြီးပွဲကောင်းတွေ ပါဝင်ခဲ့ရာ ဒီပွဲတွေထဲမှ ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့အတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လိုင်ယွန်အသင်းနဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ အိမ်ရှင်လိုင်ယွန်က ၁ဂိုး ဂိုးမရှိနဲ့ ကပ်အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Images

ပြင်သစ်လီဂူးအသင်းလိုင်ယွန်ဟာ ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီးတော့ အသင်းရဲ့လူစာရင်းမှာလည်း ဒမ်ဘီလီ ဘရူနို တူးဆော့ အော့ဝါ မာဆယ်လို ဒီနာယာ လိုပက်စ်တို့လို အသင်းရဲ့အရေးကြီးကစားသမားတွေ အစုံအလင်ပါဝင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလားကို အရယူဖို့ ပစ်မှတ်ထားနေတဲ့ ဂျုဗင်တပ်စ်အသင်းကလည်း ၄–၃-၃ ကစားကွက်နဲ့အတူ ရော်နယ်ဒို ဒီဘားလား ကွာဒရာဒို ပီယာနစ် ရာဘီအော့ ဘန်တန်ကာ ဒီလစ် ဘနူချီ ဆန်ဒရို ဒန်လီလို ရှက်ဇ်နီတို့နဲ့အတူ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာတော့ စီးရီးအေရဲ့လက်ရှိချန်ပီယံကြီး ဂျုဗင်တပ်စ်တို့ ရုန်းကန်ခဲ့ရပြီး အိမ်ရှင်အသင်းရဲ့ဖိအားပေးကစားမှုတွေ ခံခဲ့ရသလို တိုက်စစ်က ဂိုးပေါက်တည့်မတ်ကန်ချက်လည်း မရှိခဲ့ရပါဘူး။ လိုင်ယွန်ကတော့ အိမ်ကွင်းမှာ ကစားရတုန်း အခွင့်အရေးယူထားနိုင်အောင် ကြိုးစားရင်းနဲ့ ကွင်းလယ်လူ တူးဆော့က အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။

Photo Credit : Getty Images

ပထမပိုင်းမှာ သွင်းဂိုးခွင့်ပြုခံခဲ့ရတဲ့ ဂျုဗင်တပ်စ်အသင်းဟာ ဒုတိယပိုင်းမှာတော့ သွင်းဂိုးတွေ ပြန်လည်ရယူနိုင်အောင် တရစပ်ကြိုးစားကစားလာခဲ့ပေမယ့် မိနစ်၈၀ကျော်လာတဲ့အထိ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှမရှိလာခဲ့ပဲ ၈၇မိနစ်မှသာ ဒီဘားလားက ချေပဂိုးသွင်းယူခဲ့ပြီး ဒီဂိုးမှာလည်း လူကျွံနေခဲ့လို့ ဂျုဗင်တပ်စ်တို့ ကံဆိုးခဲ့ရသလို ပွဲပြီးခါနီးမှာ ပင်နယ်တီရမလိုဖြစ်ခဲ့ပေမယ့် ဒိုင်လူကြီး ပင်နယ်တီမသတ်မှတ်ခဲ့လို့ ဂျုဗီတို့ ၁ဂိုးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့ရပါတယ်။