ပြင်သစ် လီဂူးဝမ်း နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ လိုင်ယွန်က ဥရောပအသင်းကြီး အများစုရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ နယ်သာလန်ကလပ် ဖီယင်နု ကြယ်ပွင့် မာလာစီယာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဘယ်နောက်ခံလူ မာလာစီယာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖီယင်နုနဲ့အတူ အတော်လေး တောက်ပခဲ့ပြီး နယ်သာလန်လိဂ်ရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူ အဖြစ်ပါ သတ်မှတ်ခံခဲ့ရပါတယ်။

Photo Credit: Ruetir

နယ်သာလန်ရဲ့ Pitbullလို့ နာမည်ပြောင် ရထားတဲ့ မာလာစီယာက နာမည်နဲ့လိုက်အောင် ကြံ့ခိုင်မှု ကောင်းမွန်သလို အတော်လေး လျင်မြန်တဲ့ ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ ပြိုင်ဘက်တိုင်းကို အိမ်မက်ဆိုးတွေ ပေးနိုင်တဲ့ လူငယ်ခြေတက် ကစားသမားလည်း ဖြစ်ပါတယ်။

ဒါကြောင့်ပဲ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့သွားခဲ့တဲ့ နယ်သာလန် ထိပ်သီးနည်းပြ တန်ဟက်ဂ်က မာလာစီယာကို စောင့်ကြည့်ဖို့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကင်းထောက်တွေကို တာဝန်ပေးခဲ့သလို မာလာစီယာကို ခေါ်ယူဖို့ပါ စီစဉ်နေပေမယ့် လိုင်ယွန်ကတော့ မန်ချက်စတာ ယူနိုက်တက်ကို နောက်ကောက်ချနိုင်ခဲ့ပါတယ်။

Photo Credit: Ruetir

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လိုင်ယွန်က ယမန်နေ့မှာပဲ မာလာစီယာကို ခေါ်ယူဖို့ ဖီယင်နုနဲ့ရော ကစားသမားနဲ့ပါ သဘောတူညီမှု ရရှိခဲ့ပြီး မကြာခင်မှာ မာလာစီယာဟာ လိုင်ယွန်နဲ့အတူ ဆေးစစ်မှုတွေ လုပ်ဆောင်ရတော့မယ်လို့ သိရပါတယ်။

လိုင်ယွန်က မာလာစီယာ အတွက် ဖီယင်နုထံ ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း ပေးချေခဲ့ရပြီး မာလာစီယာကိုတော့ ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ စီစဉ်ထားပါတယ်။