ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်မှာ ကစားခဲ့ဖူးသလို လက်ရှိအချိန်မှာ နည်းပြတဦး အဖြစ် လုပ်ကိုင်နေတဲ့ ယူကရိန်း ဂန္တဝင် ကစားသမားကြီး လက်ဇ်နီကတော့ သူ့ရဲ့ အမိမြေနဲ့ ပြည်သူတွေကို ကာကွယ်ဖို့ စစ်တပ်ထဲ ဝင်ခဲ့ကြောင်း ယူကရိန်းအခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ သိရပါတယ်။

အသက် ၅၃နှစ် အရွယ် ယူကရိန်း ဂန္တဝင် ကစားသမားကြီး လက်ဇ်နီဟာ ဘောလုံးသမားဘဝ ကနေ အနားယူပြီးနောက် နည်းပြတဦး အဖြစ် အသက်မွေးဝမ်းကြောင်း ပြုလုပ်နေသူ ဖြစ်ပြီး ယခုအချိန်မှာတော့ ပြည်သူတွေကို ကာကွယ်ဖို့ ပြည်သူ့စစ်သား တဦး ဖြစ်နေပါပြီ။

Photo Credit: Goal

လက်ဇ်နီဟာ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးရဲ့ စိတ်ကြိုက် နောက်ခံလူတွေထဲက တဦး ဖြစ်ပြီး အာဆင်နယ်နဲ့အတူ ကွန်မြူနတီဒိုင်း ၂ကြိမ် ၊ ပရီးမီးယားလိဂ် ၁ကြိမ်နဲ့ အက်ဖ်အေဖလား ၁ကြိမ်တို့ကို ရရှိခဲ့သူပါ။

လက်ရှိမှာတော့ ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံရဲ့ မြို့တော် ကိဗ်ကို သိမ်းပိုက်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး လက်ဇ်နီ အပါအဝင် ရဲရင့်တဲ့ ယူကရိန်းနိုင်ငံသားတွေကလည်း သူတို့ရဲ့ မြို့တော်ကို မပေးရဖို့ အစွမ်းကုန် ကာကွယ် တားဆီးနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Metro သတင်းဌာနရဲ့ ဖော်ပြချက်အရ လက်ဇ်နီဟာ သူ့ရဲ့ မိသားစုဝင်တွေနဲ့ အတူ တခြားနိုင်ငံတွေဆီ စစ်ဘေးရှောင် အဖြစ် ရှောင်တိမ်းဖို့ ငြင်းပယ်ပြီး သူ့ရဲ့နိုင်ငံ အတွက် တိုက်ခိုက်ဖို့ကို ရွေးချယ်ခဲ့ကြောင်းလည်း သိရပါတယ်။