ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အရန် ဂိုးသမား အန်ဒရီ လူနင်ဟာ စပို့တင်း ဘရာဂါအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ရီးယဲလ်အသင်းအတွက် ပွဲထွက် ဂိုးသမားအဖြစ် ပါဝင်ကစားခွင့် ရရှိရင်း ပင်နယ်တီ ကာကွယ်မှုအပြင် လက်စွမ်းပြ ကာကွယ်မှုတွေပါ လုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။

တကယ်တော့ ရီးယဲလ်က ပွဲထွက်လူစာရင်းမှာ စပိန် ဂိုးသမား ကီပါကို ထည့်သွင်းထားခဲ့ပေမယ့်လည်း ကီပါက သွေပူးလေ့ကျင့်ခန်း လုပ်ဆောင်နေစဉ်အတွင်း အသေးစား ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ယူကရိန်း ဂိုးသမား လူနင်နဲ့ ချက်ချင်း အစားထိုးခဲ့ရပါတယ်။

Photo Credit : Twitter X

အသက် (၂၄)နှစ်အရွယ် ရီးယဲလ် ဂိုးသမား လူနင်ဟာ အသင်းမှာ အဓိက ဂိုးသမား ကော်တွိုက်စ် ဒဏ်ရာကြောင့် ကာလရှည် အနားယူရချိန် အသင်းကို ကီပါ ရောက်မလာခင်စပ်ကြားမှာ ရီးယဲလ် ဂိုးပေါက်ကို တာဝန်ယူခဲ့ရသူလည်း ဖြစ်ပါတယ်။

၂၀၁၈ခုနှစ်ကတည်းကနေ ရီးယဲလ်အသင်းဆီ ရောက်ရှိနေတာ ဖြစ်ပေမယ့်လည်း လက်ရှိအချိန်ထိ ရီးယဲလ်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၂၀)လောက်သာ ကစားထားရတဲ့ လူနင်ဟာ ကစားခွင့် ရရှိတဲ့အချိန်မှာတော့ သူရဲ့ အကောင်းဆုံး လက်စွမ်းတွေနဲ့ အသင်းကို အကျိုးပြုပေးနိုင်ခဲ့ပါတယ်။

Photo Credit : Twitter X

အခုလည်း မမျှော်လင့်ပဲ ဘရာဂါနဲ့ပွဲကို ပွဲထွက် ကစားခဲ့ရင်း ပွဲအစပိုင်းမှာပဲ ပင်နယ်တီ ကန်ခွင့်ပေးလိုက်ရချိန်မှာ အဲ့ဒီပင်နယ်တီကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့တဲ့အပြင် ပွဲပြီးခါနီး ဂိုးဧရိယာထဲ အနီးကပ် ခေါင်းတိုက်ချက်ကိုပါ အံ့မခန်း ကာကွယ်နိုင်ခဲ့ပြန်ပါတယ်။

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တဲ့ လူနင်ကို ရီးယဲလ်နည်းပြကြီး အန်ဆယ်လော့တီက ချီးကျူးနေပြီး လူနင်ကလည်း ဒီရာသီထဲ ရီးယဲလ်အတွက် (၃)ပွဲ ကစားထားရာမှာ (၁)ဂိုးသာ ခွင့်ပြုခဲ့ရသလို (၂)ပွဲကိုလည်း ပေးဂိုးမရှိအောင် စွမ်းဆောင်ပြထားနိုင်ပါတယ်။