ပြီးခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ ချက်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ယူရို-၂၀၂၀ အုပ်စု D ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အတွင်း အင်္ဂလန်အသင်းအတွက် ပါဝင်ကစားခဲ့ရတဲ့ ဘယ်နောက်ခံကစားသမား လုခ်ရှောရဲ့ အလွတ်တည်ကန်ဘော စွမ်းဆောင်ရည်အပေါ် သူရဲ့ဆရာသမားဟောင်းတစ်ဦးဖြစ်တဲ့ နည်းပြဟိုဆေးမော်ရင်ဟိုက ဝေဖန်ပြစ်တင်မှုတွေ လုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်ခံလိုက်ရတဲ့ လုခ်ရှောက ပြန်လည်တုံ့ပြန် ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

နာမည်ကျော် ဘောလုံးနည်းပြ မော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်ခဲ့စဉ်တုန်းက လုခ်ရှောကို ဆောက်သမ်တန်အသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး သူတို့(၂)ဦးကြားမှာ ဆရာနဲ့တပည့် ဆက်ဆံရေးတွေ ရှိခဲ့ပေမယ့် မော်ရင်ဟိုဘက်က သူရဲ့တပည့်ဟောင်းအပေါ်မှာ လိုတာထက်ပိုပြီး ဝေဖန်မှုတွေကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့တာကြောင့် လုခ်ရှောကိုယ်တိုင်ကပါ ပြန်လည်တုံ့ပြန်လာခဲ့ရပါတယ်။ လုခ်ရှောက “ကျွန်တော်တို့နှစ်ယောက်ကြားမှာ ဆက်ဆံရေးကောင်းတွေ မရှိခဲ့ကြဘူးဆိုတာကို ဖုံးကွယ်ထားစရာ မလိုပေမယ့် ကျွန်တော်တို့ ဒါကို မေ့ထားပြီး ရှေ့ဆက်ကြဖို့တော့ လိုအပ်ပါတယ်”

Photo Credit : The Sun

“ကျွန်တော်ဘက်ကနေ ဒါတွေကို မေ့ထားပြီး ရှေ့ဆက်ဖို့ ကြိုးစားနေပေမယ့် သူကတော့ မလုပ်နိုင်သေးဘူး ထင်တယ်။ ဒါတွေနဲ့ပတ်သက်ပြီး သူအနေနဲ့ ငြိမ်းချမ်းတဲ့စိတ်လေးရဖို့နဲ့ နောက်ဆုံးမှာ ကျွန်တော့်အပေါ် ပူပင်နေတာတွေကို ရပ်တန့်ပြီး ကျော်လွှားသွားနိုင်ဖို့ကို မျှော်လင့်မိပါတယ်။ အခုက သူ့ခေါင်းထဲမှာ ကျွန်တော့်အကြောင်းတွေ ရှိနေမယ်ဆိုတာရော သူ ကျွန်တော့်အကြောင်းတွေကို အများကြီး တွေးတောမယ်ဆိုတာရော အရမ်းသိသာလွန်းတယ်။ အရိုးသားဆုံးပြောရရင် ဘာကြောင့် ကျွန်တော့်အပေါ် ဒီလိုတွေ လုပ်ဆောင်နေသေးရတာလဲဆိုတာကို နားမလည်နိုင်ဘူး။ သူက ကျွန်တော့်ကို ထောင့်ကန်ဘောကန်တာနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့ပေမယ့် ကျွန်တော်ကတော့ သူပြောသလိုကို မထင်မိပါဘူး။ သူပြောခဲ့တဲ့ အနုတ်သဘောဆောင်တဲ့ စကားတွေကို ကျွန်တော်ချန်ထားလိုက်ပြီ။ မေ့လိုက်ပြီ။ ဆောက်ဂိတ်နဲ့ နည်းပြအဖွဲ့ဝင်တွေ ပြောဆိုတာတွေကိုပဲ အာရုံစိုက်ထားလိုက်တော့တယ်” လို့ ပြန်လည်ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လုခ်ရှောရဲ့ အင်္ဂလန်အသင်းဟာ မနက်ဖြန်ညမှာတော့ ပြိုင်ဘက်ဟောင်း ဂျာမနီအသင်းနဲ့ (၁၆)သင်းရှုံးထွက်အဆင့်မှာ ရင်ဆိုင်တွေ့ဆုံရမှာဖြစ်ပြီး ခက်ခဲလွန်းတဲ့ ပွဲစဉ်တစ်ပွဲကို ဆင်နွဲရဖွယ် ရှိနေပါတယ်။