ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘယ်နောက်ခံလူ တစ်ဦးဖြစ်တဲ့ လုခ်ရှော ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အနိုင်ရလဒ် မရရှိခဲ့တာကြောင့် သူအပါအဝင် အသင်းဖော် အားလုံးဟာ စိတ်ပျက်နေမိကြောင်း ပွဲအပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အစဉ်အလာ ကြီးမားတဲ့ အသင်းနှစ်သင်း ဖြစ်တဲ့ လီဗာပူးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ ကို အန်ဖီးလ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့တာ ဖြစ်ပြီး နှစ်သင်းစလုံးဟာ ခြေရည်တူ အနေအထားမှာ ရှိနေကာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိပဲ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: BBC

အဆိုပါပွဲစဉ်မှာ အိမ်ရှင် လီဗာပူးအသင်းဟာ ပွဲရဲ့ ပထမပိုင်းကို ဦးဆောင် ကစားနိုင်ခဲ့ပေမယ့် ခြေစွမ်းပြ ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိခဲ့ပဲ ဗဟိုနောက်ခံလူ စစ်စစ် မပါဝင်တာက သူတို့အသင်းရဲ့ တိုက်စစ်ကို ရဲရဲ မကစားနိုင်တဲ့ အကြောင်းပြချက် ဖြစ်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ သူတို့ရဲ့ ထုံးစံ အတိုင်းပဲ ပထမပိုင်းမှာ သက်လုံကို‌ ချွေတာကာ ကစားခဲ့ပြီး ဒုတိယပိုင်း ရောက်မှသာ လီဗာပူးအသင်းကို တရစပ် တိုက်စစ်ဆင် ကစားခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းဟာ များစွာ ကွာခြားခြင်း မရှိပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းက ပွဲကို ပိုမို စိုးမိုးနိုင်ခဲ့သလို ဒုတိယပိုင်းမှာ ရရှိိခဲ့တဲ့ အပိုင် ဂိုးသွင်းခွင့် နှစ်ကြိမ်ကိုလည်း လီဗာပူးအသင်းရဲ့ ဂိုးသမား ဘက်ကာ ကာကွယ်နိုင်ခဲ့တာကြောင့် လီဗာပူး အသင်းအနေနဲ့ သက်သာရာ ရခဲ့တာပါ။

Photo Credit: BBC

အဆိုပါ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ဘယ်နောက်ခံလူ လုခ်ရှော ကတော့ သူအပါအဝင် တစ်သင်းလုံးဟာ နိုင်သင့်တဲ့ ပွဲစဉ်တစ်ပွဲကို မနိုင်ခဲ့တာကြောင့် စိတ်ပျက် နေမိတယ် လို့ ဆိုသွားပါတယ်။ လုခ်ရှောက “ကျွန်တော်တို့ဟာ ပွဲကို အကောင်းဆုံး မစတင်နိုင်ခဲ့ပေမယ့် အကောင်းဆုံး ခံစစ်ကို ဆော့နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းဟာ ဂိုးသွင်းယူဖို့ အကောင်းဆုံး အခွင့်အရေး နှစ်ကြိမ်ကို ရခဲ့ပြီး အဲ့ဒီ အခွင့်အရေး နှစ်ကြိမ်က တခြားနေ့မှာ ဆိုရင် ကျွန်တော်တို့တွေ သွင်းဂိုး ရရှိဖို့ လုံလောက်တယ် လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာ ဒါတွေက ဖြစ်တတ်ပါတယ်။ ဘာမှမရတာထက် စာရင် တစ်မှတ်ရတာက ပိုကောင်းပါတယ်။ အထူးသဖြင့် အန်ဖီးလ်ကွင်းမှာ ရတဲ့ တစ်မှတ်ပေါ့။ ဒါပေမယ့် ရိုးသားစွာ ပြောရရင် ကျွန်တော်တို့ အဝတ်လဲခန်းထဲမှာ အတော်ကို စိတ်ပျက်မိကြပါတယ်။ ကျွန်တော်တို့က သရေရလဒ်ကို လိုချင်တာ မဟုတ်ပါဘူး။ ပွဲမစခင်က ကျွန်တော်တို့ဟာ ဒီနေရာကို အနိုင်ယူဖို့ အတွက် လာခဲ့တာပါ” လို့ ပြောကြား သွားပါတယ်။