ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း တစ်သင်းဖြစ်တဲ့ မန်ယူအသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောကတော့ ယနေ့ည ၉နာရီခွဲအချိန် မှာ ယှဉ်ပြိုင် ကစားကြမယ့် လက်စတာအသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ယူအသင်း အတွက် ပါဝင် ကစားပေးနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။ အသက်၂၅နှစ်အရွယ် ဘယ်အစွန် ခံစစ်မှူး လုခ်ရှောဟာ ဇူလိုင်လ ၁၄ရက်နေ့မှာ ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ဆောက်သမ်တန် အသင်းတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ် ပြီးဆုံးချိန်ကတည်းက ခြေကျင်းဝတ်ဒဏ်ရာ ကြောင့် အနားယူနေရသူ ဖြစ်ပြီး သူမပါဝင်နိုင် တဲ့ ပွဲစဉ်တွေမှာ မန်ယူအသင်းရဲ့ ဘယ်ခြမ်းဟာ အတော်လေး အားနည်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: Man Utd Times

ယနေ့ညမှာ ကစားမယ့် ပွဲစဉ်ဟာ မန်ယူ အသင်းအတွက် လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ခွင့် ရရှိနိုင်ဖို့ အရေးအပါဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်နေတာကြောင့် မန်ယူအသင်း ဟာ အရေးနိမ့်သွားလို့ မရပါဘူး။ ဒါ့ကြောင့် အဆိုပါပွဲစဉ်မှာ အသင်းရဲ့ အဓိက ကစားသမား အစုံအလင် ပွဲထွက်လာဖို့ မန်ယူအသင်းကို အားပေးတဲ့ ပရိသတ်တွေက မျှော်လင့် နေကြပြီး လုခ်ရှောဟာလည်း အသင်းအတွက် ပြန်လည် ပါဝင် ကစားပေးနိုင်မယ့် အခြေအနေ မှာ ရှိနေတယ်လို့ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ပါတယ်။ လုခ်ရှော ဟာ အသေးစား ခြေကျင်းဝတ် ဒဏ်ရာတစ်ခုကို ရရှိထားသူ ဖြစ်တာကြောင့် ဆယ်ရက်ခန့် အနားယူပြီးနောက်မှာ ဒဏ်ရာကနေ ပြန်လည် သက်သာလာနိုင်ချေ ရှိတယ်လို့ ဒဏ်ရာတွေနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်တဲ့သူတွေကလည်း သုံးသပ်ထားကြပါတယ်။

Photo Credit: Man Utd Times

မန်ချက်စတာမြို့အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ လုခ်ရှောဟာ ယမန်နေ့ကတည်းက မန်ယူအသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ကြောင်း သိရပြီး အဆိုပါ လေ့ကျင့်ခန်းတွေမှာသာ ကြံ့ခိုင်မှု ပြည့်ဝနေခဲ့ရင် မန်ယူအသင်း နည်းပြ ဆိုးလ်ရှားဟာ လုခ်ရှောကို ကျိန်းသေ အသုံးပြုသွားမှာ ဖြစ်ကြောင်းလည်း သုံးသပ် ထားကြပါတယ်။ ဘောလုံးသုံးသပ်သူတွေဟာလည်း ဆိုးလ်ရှားအနေနဲ့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာကာ လက်စတာအသင်း ကို ဖိအားပေးသွားမှာ ဖြစ်ပြီး အဆိုပါပွဲစဉ်မှာ မန်ယူအသင်းဟာ ရလဒ်ကောင်းတစ်ခုကို ရရှိသွားလိမ့်မယ်လို့လည်း သုံးသပ်ခန့်မှန်း ထားကြပါတယ်။ ကဲ ပရိသတ်ကြီးကရော ည၉နာရီခွဲမှာ ယှဉ်ပြိုင်ကစားကြမယ့် လက်စတာ အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်ကို အားပေးဖို့ အဆင်သင့် ဖြစ်နေကြပြီလားဗျ….။