ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အင်္ဂလန် ဘယ်နောက်ခံလူ တစ်ဦးဖြစ်တဲ့ လုခ်ရှောကတော့ လက်ရှိ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ပတ်သတ်ပြီး သူတို့အသင်းကို လျှော့မတွက်ဖို့ ပြိုင်ဘက်အသင်းတွေကို သတိပေး ပြောဆိုမှုတွေ ပြုလုပ် သွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ပြီးဆုံးချိန်မှာ ၁၃ပွဲသာ ကစားရသေးပေမယ့် ရမှတ် ၂၆မှတ်အထိ စုဆောင်း ထားနိုင်ခဲ့ကာ အမှတ်ပေး ဇယားရဲ့ အဆင့်၃ နေရာ အထိ ရောက်ရှိနေပြီး အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ လီဗာပူးအသင်းနဲ့ တစ်ပွဲလျော့ ၅မှတ် အကွာမှာ ရှိနေတာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်မယ့် အနေအထား တစ်ရပ်မှာ ရှိနေပါတယ်။

Photo Credit: Sky Sports

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း လိဒ်ယူနိုက်တက် အသင်းကို ၆-၂ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကာလရှည် ဝေးကွာနေတဲ့ အမှတ်ပေး ချန်ပီယံဆုကို စိန်‌ခေါ်နိုင်မယ့် အနေအထားဆီ ပြန်လည် ရောက်ရှိလာပြီ လို့ သုံးသပ်နေသူတွေ ရှိပါတယ်။ ဒါပေမယ့် တချို့ ကျွမ်းကျင်သူတွေ ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးကြောင်း သုံးသပ် ထားကြပါတယ်။ လုခ်ရှောကတော့ သူတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ်လို့ ယူဆနေပြီး သူတို့အသင်းကို ချန်ပီယံလောင်း စာရင်းထဲ မထည့်သွင်းတဲ့ သူတွေဟာ အနည်းငယ် ရူးကြောင်ကြောင် နိုင်ကြောင်း ဆိုခဲ့ပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို စိန်ခေါ်နိုင်စွမ်းနဲ့ ပတ်သတ်ပြီး လုခ်ရှောက “လက်ရှိမှာ ကျွန်တော်တို့ အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ တကယ်လို့ ကျွန်တော်တို့ အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆု ရမှာ မဟုတ်ဘူးလို့ သံသယ ဝင်နေရင်တော့ ဒါဟာ ရူးကြောင်ကြောင် နိုင်တယ်လို့ ဆိုရမှာပါ။ အခုချိန်မှာ လူတိုင်းက အမှတ်ပေးဖလားကို ရယူနိုင်ဖို့ ပစ်မှတ် ထားနိုင်ပါတယ်။ ခရစ္စမတ်ကာလမှာ ခြေစွမ်း အကောင်းဆုံး ရရှိပြီး ကစားရမယ့် ပွဲစဉ်တိုင်းကို အနိုင်ရရှိတဲ့ အသင်းဟာ ချန်ပီယံဆုကို ရရှိနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ဟာ အတော်လေး ကောင်းတဲ့ အခွင့်အလမ်းတွေကို ပိုင်ဆိုင်ထားတယ် လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ အသင်းက တည်ငြိမ်မှုကို ဆက်ပြီး ထိန်းသိမ်း နိုင်ဖို့ပဲ လိုအပ်တာပါ” လို့ ပြောကြား သွားခဲ့တာပါ။