ယူရိုပါလိဂ်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ တော့တင်ဟမ် ဟော့စပါးအသင်းကို ရှုံးနိမ့်ပြီးတဲ့နောက်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အနိမ့်ဆုံး အခြေအနေကို ရောက်နေပြီလို့ ယူနိုက်တက် နောက်ခံကစားသမား လုခ်ရှောက ပြတ်ပြတ်သားသား ပြောကြားလိုက်ပါတယ်။
မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ဥရောပဖလား ဗိုလ်လုပွဲမတိုင်ခင်အထိ ယူနိုက်တက်ဟာ ဥရောပပြိုင်ပွဲတွေမှာ ရှုံးပွဲ လုံးဝ မရှိသေးပေမယ့် ပထမပိုင်း ပွဲချိန်မပြီးခင်လေးမှာ ဘရန်နန် ဂျွန်ဆင်ရဲ့ မထင်မှတ်ဘဲ သွင်းယူလိုက်တဲ့ဂိုးကြောင့် စပါးအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၁၆)နေရ ရပ်တည်နေတဲ့ ယူနိုက်တက်ဟာ ဒီဖလားကို မရခဲ့တဲ့အတွက် လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲတွေ ကစားခွင့်ရတော့မှာ မဟုတ်ပါဘူး။
Photo Credit : The New York Times
အမှန်တကယ်တော့ ဒါဟာ ယူနိုက်တက်အသင်းရဲ့ ဒီရာသီ ပြိုင်ပွဲစုံ အားလုံးမှာ အကြိမ်(၂၀)မြောက် ရှုံးနိမ့်မှုဖြစ်ပြီး ၁၉၇၃-၇၄ ရာသီက ထိပ်တန်းလိဂ်ကနေ တန်းဆင်းခဲ့တုန်းက (၂၂)ပွဲရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အများဆုံး ရှုံးနိမ့်မှုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၆၈ ကနေ ၂၀၀၈ ခုနှစ်အတွင်း ပထမဆုံး ဥရောပဖလားဗိုလ်လုပွဲ (၄)ပွဲစလုံးကို အနိုင်ရခဲ့ပြီးနောက်ပိုင်း နောက်ဆုံးကစားခဲ့တဲ့ ဥရောပဗိုလ်လုပွဲ (၅)ပွဲမှာ (၄)ပွဲအထိတောင် ရှုံးနိမ့်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ ယူနိုက်တက်အသင်း အမြင့်ဆုံး တက်လှမ်းနိုင်တဲ့အဆင့်က အဆင့်(၁၄)သာ ဖြစ်ပေမဲ့ တနင်္ဂနွေနေ့မှာ ကစားမယ့် အက်စ်တွန် ဗီလာနဲ့ နောက်ဆုံးပွဲရလဒ် ဘယ်လိုပဲဖြစ်ပါစေ သူတို့ဟာ အနိမ့်ဆုံးအခြေအနေကို ရောက်ရှိနေပြီလို့ ရှောက ပြောဆိုလိုက်ပါတယ်။ “ကျွန်တော်တို့အားလုံး စိတ်ပျက်နေကြပါတယ်။ ရလဒ်က ကျွန်တော်တို့ မျှော်မှန်းထားသလို မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီရလဒ်တစ်ခုတည်းကြောင့် မဟုတ်ပါဘူး၊ ဒီရာသီတစ်ခုလုံး ကျွန်တော်တို့ လုံလောက်တဲ့ စွမ်းဆောင်ရည်နဲ့ ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။”
Photo Credit : beIN SPORTS
“ကျွန်တော်တို့အားလုံး ဒီအသင်းမှာ ကစားဖို့ လုံလောက်တဲ့ အရည်အချင်းရှိရဲ့လားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်လို အသင်းတစ်သင်းအတွက် ဒီလိုရာသီမျိုးက လက်ခံနိုင်စရာ မရှိပါဘူး။ ဒါကို ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သိပါတယ်။ ဒီလိုအခြေအနေမျိုးက မန်ချက်စတာ ယူနိုက်တက် ရှိသင့်တဲ့နေရာ မဟုတ်ပါဘူး။”
“ကျွန်တော်တို့ ကောင်းတဲ့ အရာတွေကိုပဲ ကြည့်ရပါမယ်။ ကောင်းတဲ့ အချက်တစ်ခုတည်းကတော့ ဒီထက်အောက်ကို ထပ်ကျစရာ မရှိတော့ဘဲ အပေါ်ကိုပဲ တက်ရတော့မှာပါပဲ။ ကျွန်တော်တို့ အခု အနိမ့်ဆုံးအခြေအနေကို ရောက်နေပါပြီ။ ဒီကလပ် ရှိသင့်တဲ့နေရာကို ပြန်ရောက်အောင် ကိုယ့်ကိုယ်ကိုယ် ပြန်တွန်းအားပေးပြီး နည်းလမ်းရှာရပါမယ်။” လို့ လုခ်ရှောက ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ရှောက နည်းပြရူဘင် အမော်ရင်ကိုလည်း အပြောင်းအလဲတွေ လုပ်ဆောင်နိုင်မယ့် မှန်ကန်တဲ့နည်းပြ ဖြစ်တယ်လို့ ထောက်ခံအားပေးခဲ့ပါတယ်။