စီးရီးအေ အင်အားကြီး အသင်းဖြစ်တဲ့ အင်တာမီလန်အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦး ဖြစ်သူ ရိုမဲလူ လူကာကူ ရဲ့ အေးဂျင့် ဖက်ဒီကို ပတ်စ်တိုရီလို ကတော့ သူ့ရဲ့ ကစားသမား လူကာကူဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်သမား ဖြစ် တယ် လို့ သူ ယုံကြည်ကြောင်း Sky Sports သတင်းဌာနနဲ့ တွေ့ဆုံချိန်မှာ ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၇နှစ်အရွယ် ဘယ်လ်ဂျီယံနဲ့ အင်တာမီလန်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ လူကာကူဟာ လက်ရှိ ဘောလုံးရာသီမှာ အင်တာမီလန်အသင်း အတွက် မရှိမဖြစ် တိုက်စစ်မှူး တစ်ဦးအဖြစ် ခြေစွမ်းပြနေသူ တစ်ဦး ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၅ပွဲ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၆ဂိုး အထိ သွင်းယူ ထားနိုင်ခဲ့ပါတယ်။

Photo Credit: Express

လူကာကူဟာ ၂၀၁၉ ခုနှစ်မှာ မန်ယူအသင်း ကနေ အင်တာမီလန် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၇၄သန်းနဲ့ ပြောင်းရွှေ့လာသူ တစ်ဦး ဖြစ်ပြီး အသင်းသစ် ၊ နယ်မြေသစ်ကို ရောက်ရှိလာသူ ဖြစ်ပေမယ့် သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ဟာ ကျဆင်းသွားခြင်း မရှိပဲ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၅၁ပွဲအထိ ပါဝင် ကစားပေးခဲ့ကာ ၃၄ဂိုး သွင်းယူ ပေးနိုင်ခဲ့ပြီး ၆ဂိုး အထိ ဖန်တီး ပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် လူကာကူဟာ အင်တာမီလန်အသင်းကို ယူရိုပါလိဂ် ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအထိ ပို့ပေးနိုင်ခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့်ပဲ ၂၀၁၉ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ လူကာကူဟာ ကလပ်အသင်း ဖြစ်တဲ့ အင်တာမီလန်အသင်း အတွက် ခြေစွမ်းပြနိုင်ရုံ သာမက လက်ရှိ ဘောလုံးရာသီမှာ နိုင်ငံအသင်း ဖြစ်တဲ့ ဘယ်လ်ဂျီယံ အသင်းအတွက် ၂ပွဲ ပါ​ဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၃ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Express

ဒါ့ကြောင့်ပဲ လူကာကူရဲ့ အေးဂျင့်ဖြစ်သူ ပတ်စ်တိုရီလိုက လူကာကူဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း ချီးကျုးသွားခဲ့တာပဲ ဖြစ်ပါတယ်။ လူကာကူရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး ပတ်စ်တိုရီလိုက ”အီတလီကို ပြောင်းခဲ့တာက အမှန်ဆုံးနဲ့ အကောင်းဆုံးဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။ အင်တာဟာ သူ့အတွက် မိသားစုကြီးလို ဖြစ်နေပြီး ပရိသတ်တွေကလည်း သူနဲ့ ပတ်သတ်ရင် သူမှသူပါပဲ။ လူကာကူက ခေတ်သစ် ကစားသမား တစ်ယောက် ဖြစ်တာကြောင့် အရမ်း ခံစားလွယ်တယ်။ သူက အချစ်ခံရဖို့ လိုအပ်ပါတယ်။ သူက လူတိုင်းရဲ့မေတ္တာကို ရခဲ့တာကြောင့် စျေးကွက်ထဲမှာ အကောင်းဆုံး ကစားသမား တစ်ယောက်ဖြစ်လာတာပေါ့။ ဒါကြောင့် အင်တာကလည်း သူ့ကို လက်မလွှတ်ချင်ဘူးလေ။ အရည်အသွေး၊ အကျင့်၊ စိတ်ဓာတ်ပိုင်းအရ ဆိုရင် သူဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်သမားပါ ” လို့ ချီးကျူး သွားခဲ့တာပဲ ဖြစ်ပါတယ်။