MySport Myanmar

လာမယ့်ရာသီ ချယ်လ်ဆီးမှာ လူကာကူ ပြန်လည် တောက်ပနိုင်လိမ့်မယ်လို့ ပီတာချက် သုံးသပ်

အခုနှစ် နွေဈေးကွက်အတွင်းမှာ ချယ်လ်ဆီးကနေ ထွက်ခွာပြီး အင်တာမီလန်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား လူကာကူဟာ အသင်းပြောင်းရွှေ့ခြင်း မရှိပဲ ချယ်လ်ဆီးမှာသာ ဆက်လက်ကစားမယ်ဆိုရင် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ လူကာကူ အကောင်းဆုံး တောက်ပနိုင်လိမ့်မယ်လို့ ချယ်လ်ဆီးရဲ့ legend ကစားသမားဟောင်းကြီးလည်းဖြစ် အသင်းရဲ့အကြံပေးလည်းဖြစ်တဲ့ ပီတာချက်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ရာသီကမှ အင်တာကနေ ချယ်လ်ဆီးအသင်းဆီကို ပေါင်(၉၈)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ လူကာကူဟာ သူရဲ့ လန်ဒန် အပြန်ခရီးစဉ်အစဟာ အားလုံးယူဆထားသလို စိတ်ပျက်စရာ ဖြစ်ခဲ့ရပြီး တစ်ရာသီအပြီးမှာပဲ လူကာကူရဲ့ ချယ်လ်ဆီးကစားသမားဘဝ အနာဂတ်က လှုပ်ခတ်လာခဲ့ရပါတယ်။ လက်ရှိမှာလည်း လူကာကူဟာ အင်တာကို ပြန်သွားချင်နေပြီး အင်တာကလည်း သူတို့ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူသွားဖို့ ချယ်လ်ဆီးနဲ့ ဆွေးနွေးလျက် ရှိနေရာ တကယ်လို့ လူကာကူအနေနဲ့ လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကို ချယ်လ်ဆီးနဲ့သာ ဆက်လက်ဖြတ်သန်းမယ်ဆိုရင် သူရဲ့အတောက်ပဆုံး အချိန်တွေကို ပြန်လည်ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ဂိုးသမားဟောင်းကြီး ပီတာချက်က သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

လူကာကူနဲ့ ပတ်သက်ပြီး ပီတာချက်က “လူကာကူအနေနဲ့ ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်ဆိုတာ ကျွန်တော်ကိုယ်တိုင် ယုံကြည်ပါတယ်။ ပြီးခဲ့တဲ့ရာသီ သူဒီကို ရောက်လာတုန်းက သူဘယ်လောက်တောင် သန်မာနိုင်လဲဆိုတာ ကျွန်တော်တို့ မြင်ခဲ့ရတယ်။ ကံမကောင်းစွာနဲ့ပဲ ဗီလာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲအပြီးမှာ ကာလရှည် ဒဏ်ရာက အရာအားလုံးကို နှေးကွေးသွားစေခဲ့ပြီး အဲ့ဒီနောက်မှာ ကိုဗစ်ပါ ထပ်မံကူးစက်ခဲ့ပါသေးတယ်။ လူကာကူ ကြံခိုင်မှု ပြန်ကောင်းနေတဲ့အချိန် သန်သန်မာမာနဲ့ ပြန်လည်ယှဉ်ပြိုင်ဖို့ အဆင့်သင့် ဖြစ်နေပြီဆိုတာကို ပြီးခဲ့တဲ့ရာသီ ကုန်ဆုံးခါနီးမှာ ကျွန်တော်တို့ မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်တို့တွေ ခရစ္စမတ်လောက်ကတည်းက ကိုဗစ်ပြသာနာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ သူကိုယ်တိုင်လည်း ကိုဗစ်နဲ့ ပတ်သက်ပြီး ဆိုးကျိုးသက်ရောက်ခဲ့ရတဲ့ ကစားသမားတွေထဲမှာ အပါအဝင်ပါပဲ။ ဒါပေမယ့် လူကာကူ ပြန်လည်ကောင်းမွန်လာပြီးတော့ ကြံခိုင်မှုအပြည့်ရှိပြီး အကောင်းဆုံးသော ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းနိုင်လိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်” လွှို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Exit mobile version