နွေရာသီအပြောင်းအရွှေ့စျေးကွက် မပိတ်သိမ်းသွားခင်မှာ အသင်းရဲ့လိုအပ်ချက်တစ်နေရာဖြစ်တဲ့ တိုက်စစ်နေရာအတွက် တိုက်စစ်မှူးသစ်တစ်ယောက်ကို ခေါ်ယူသွားဖွယ်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို အသင်းသားဟောင်းဖြစ်တဲ့ လူကာကူကနေ သတိပေးစကားပြောဆိုလာခဲ့ပြီး တကယ်လို့ အသင်းကို တိုက်စစ်မှူးသစ်တစ်ယောက် ရောက်ရှိလာခဲ့တဲ့အခါ လက်ရှိအသင်းရဲ့တိုက်စစ်ပိုင်းမှာ ပါဝင်ကစားနေကြတဲ့ ကစားသမားတွေရဲ့ကြား အချိတ်အဆက်တွေ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ပျက်ပြားသွားနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

Photo Credit : Goal

လက်ရှိမှာ ယူနိုက်တက်အသင်းဟာ အထောင်တိုက်စစ်နေရာအတွက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဝါရင့်တိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီနဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ နေရာပျောက်ဆုံးလို့နေတဲ့ လူငယ်တိုက်စစ်ကစားသမား လူကာဂျိုဗစ်တို့ကို ပစ်မှတ်ထားလျက်ရှိနေတာဖြစ်ပြီး အပြောင်းအရွှေ့နောက်ဆုံးနေ့မှာပဲ သူတို့ထဲက တစ်ယောက်ယောက်ကို ခေါ်ယူသွားဖွယ်ရှိနေပါတယ်။ ဒီလို အသင်းအတွက် အထောင်တိုက်စစ်ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာနဲ့ပတ်သက်ပြီး အင်တာတိုက်စစ်ကစားသမား လူကာကူက “တကယ်လို့ သင့်အနေနဲ့ တိုက်စစ်မှူးသစ်တစ်ယောက်ကို ခေါ်ယူဖြစ်လိုက်မယ်ဆိုရင် မာစီယဲလ်ရဲ့အခန်းကဏ္ဍာအတွက် ဘယ်လိုလုပ်ဆောင်နိုင်မယ်လို့ စဉ်းစားထားလဲ”

Photo Credit : La Meuse

“သူက အချိန်ထိ တကယ့်ကို အသင်းကြီးတစ်သင်းအတွက် မရှိမဖြစ် လိုအပ်နေတဲ့ အထောင်တိုက်စစ်မှူးတောင် ဖြစ်မနေသေးပါဘူး။ သူ့အတွက် တစ်ရာသီလောက်ကို အထောင်တိုက်စစ်နေရာမှာ ထားအသုံးပြုသင့်တယ်။ မနှစ်က ရာသီမှာလည်း သူအသင်းအတွက် ဒီနေရာမှာကစားပြီး ခြေစွမ်းပြနိုင်ခဲ့တာပဲ။ ဒါပေမယ့် နာမည်ကျော် တိုက်စစ်မှူးတစ်ယောက်ကိုသာ ခေါ်ယူဖြစ်ခဲ့မယ်ဆိုရင်တော့ အသင်းရဲ့ အဝတ်လဲခန်းအတွင်း ကစားသမားတွေရဲ့ကြားမှာရှိနေတဲ့ ဆက်ဆံရေးကောင်းတွေ ပျက်ပြားသွားနိုင်ပါတယ်။ နောက်ပြီး မေဆန်ကိုလည်း အပြောင်းအလဲတစ်ခုအဖြစ်နဲ့ အသုံးပြုလို့ရပါတယ် သူ့ကို ညာတောင်ပံနေရာကနေ အထောင်တိုက်စစ်နေရာကို အချိန်မရွေး ပြောင်းလဲအသုံးပြုနိုင်တာပဲ။ သူက တကယ့်ကို အဆုံးသတ်ပိုင်းအားကောင်းလှတဲ့ ချာတိတ်လေးပါ။ သူ့ကို ကျွန်တော်စတွေ့ဖူးခဲ့ချိန်ကတည်းက သူ့မှာ အရည်အချင်းကောင်းတစ်ခုခု ရှိနေမယ်ဆိုတာကို သိရှိခဲ့ရတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လူကာကူက ဒီလိုပြောဆိုထားခဲ့ပေမယ့်လည်း ယူနိုက်တက်တိုက်စစ်မှူးဟောင်းတွေဖြစ်တဲ့ အင်ဒီကိုးနဲ့ ရှာရင်ဂမ်တို့ကတော့ မာစီယဲလ်ရဲ့ မတည်ငြိမ်တဲ့ ခြေစွမ်းတွေကို ဝေဖန်ထားခဲ့ပြီး တိုက်စစ်မှူးတစ်ယောက် မဖြစ်မနေ လိုအပ်တယ်လို့လည်း သတိပေးထားခဲ့ပါတယ်။