ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်လာတဲ့ တိုက်စစ်မှူး လူကာကူ ကတော့ သူ့ရဲ့ အသင်းဟောင်း အင်တာမီလန်ဆီ ပြန်လည် ပြောင်းရွှေ့ချင်နေပေမယ့် အကယ်၍သာ အင်တာမီလန်ဆီ ပြောင်းရွှေ့မယ့် ကိစ္စ အဆင်မပြေခဲ့ရင် ဆရာဟောင်း ကွန်တီ ရှိရာ စပါးအသင်းဆီ ပြောင်းရွှေ့ချင်နေကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ အင်တာမီလန်အသင်း ကနေ သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဆီ ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ပေါင် ၉၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးအသင်းဆီ ရောက်ရှိကာစမှာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဒါပေမယ့် လူကာကူက နောက်ပိုင်းမှာတော့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ် တူဟယ်နဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေ ဖြစ်လာခဲ့ကာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာတော့ အီတလီ နာမည်ကြီး သတင်းထောက်တွေနဲ့ အင်တာဗျူး တခု ပြုလုပ်ပြီး သူဟာ ချယ်လ်ဆီးအသင်းမှာ မပျော်ရွှင်ကြောင်းနဲ့ အသင်းဟောင်း အင်တာမီလန်ဆီ ပြန်လည် ပြောင်းရွှေ့ချင်ကြောင်း အတိအလင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ အင်တာဗျူးမှာ ပြောခဲ့တဲ့ စကားတွေကြောင့် ချယ်လ်ဆီးအသင်းရဲ့ နည်းပြ တူဟယ်နဲ့ အသင်းရဲ့ တာဝန်ရှိသူတွေက လူကာကူကို အတော်လေး စိတ်ဆိုး ဒေါသထွက်နေကြသလို ယမန်နေ့မှာ ကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲမှာလည်း လူကာကူကို အသင်းရဲ့ လူစာရင်း ကနေ ချန်လှပ်ပြီး အပြစ်ပေးခဲ့ကြပါတယ်။

Photo Credit: Goal

လက်ရှိမှာတော့ လူကာကူနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကြားမှာ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်နေပြီး လူကာကူဟာ အသင်းကနေ ဖြစ်နိုင်သမျှ မြန်မြန် ထွက်ခွာဖို့ ဆုံးဖြတ်ထားကာ သူ့ရဲ့ အသင်းဟောင်း အင်တာမီလန်ဆီ ပြန်လည် ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေသလို ဆရာဟောင်း ကွန်တီနဲ့လည်း ဆက်သွယ်ကာ စပါးအသင်းဆီ ပြောင်းရွှေ့ ကစားဖို့ စီစဉ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Metro သတင်းဌာန အပါအဝင် သတင်းဌာန အများစုက ဖော်ပြထားကြပါတယ်။

တဖက်မှာတော့ စပါးအသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ လက်လွှတ်ရဖို့ ရှိနေတာကြောင့် ကွန်တီရဲ့ လက်အောက်မှာ ဆိုရင် အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်တဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ မျက်စိကျနေပြီး လူကာကူကို ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း ဝန်းကျင် ပေးချေကာ ခေါ်ယူနိုင်ကြောင်းလည်း စပါးအသင်းနဲ့ နီးစပ်တဲ့ Football London သတင်းဌာနက ဆိုပါတယ်။