ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက တိုက်စစ်မှူး လူကာကူဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ချယ်လ်ဆီးကနေ ထွက်ခွာပြီး အသင်းဟောင်း အင်တာမီလန်ဆီ ပြန်ပြောင်းဖို့ စိတ်အားထက်သန်နေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် ဘယ်လ်ဂျီယံ တိုက်စစ်မှူး ရိုမီလု လူကာကူဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ အင်တာမီလန် ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၁၁၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Metro

လူကာကူဟာ ချယ်လ်ဆီးဆီ စတင် ရောက်ရှိကာစမှာ အသင်းရဲ့ ကစားကွက်နဲ့ အံဝင်ခွင်ကျ ဖြစ်ခဲ့ပြီး ချက်ချင်းဆိုသလို သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ချယ်လ်ဆီးနည်းပြ တူဟယ်လ်ရဲ့ ကစားကွက် အပြောင်းအလဲတွေ အောက်မှာ ခြေစွမ်းပြဖို့ ရုန်းကန်လာရကာ သူ နောက်ဆုံး ပါဝင် ကစားခဲ့တဲ့ ခရစ္စတယ် ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာဆိုရင် တပွဲလုံးမှာမှ ဘောလုံးထိချက် ၇ချက်ပဲ ရှိတဲ့ အထိ ခြေစွမ်း ဆိုးရွားခဲ့ပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးနည်းပြ တူဟယ်လ်က လိုင်လီကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လူကာကူကို ပွဲထွက် လူစာရင်း ကနေ ချန်လှပ်ခဲ့သလို လူကာကူကလည်း ချယ်လ်ဆီးမှာ ဆက်နေဖို့ထက် အသင်းပြောင်းဖို့ကိုသာ ပိုမို စိတ်အားထက်သန်လာပါတယ်။

Photo Credit: Metro

နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ ဂေဇက်တာ သတင်းဌာနရဲ့ ဖော်ပြချက်အရ လူကာကူဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ချယ်လ်ဆီးကနေ ထွက်ခွာပြီး အသင်းဟောင်း အင်တာမီလန်ထံ ပြန်လည် ပြောင်းရွှေ့ချင်နေကာ အင်တာမီလန်ဆီ ပြန်ရဖို့ အတွက် လုပ်ခလစာ လျှော့ယူဖို့လည်း အဆင်သင့်ပဲလို့ သိရပါတယ်။

ဒါပေမယ့် အင်တာမီလန် ကတော့ လူကာကူကို ပြန်ခေါ်ဖို့ စိတ်မဝင်စားသေးပဲ အကယ်၍ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ တိုက်စစ်မှူး မာတီနက်ဇ်ကို ဆုံးရှုံးလိုက်ရရင်တော့ လူကာကူကို ပြန်လည် ခေါ်ယူနိုင်ကြောင်း အီတလီ နာမည်ကြီး သတင်းထောက်တွေက တညီတညွတ်ထဲ ပြောထားပါတယ်။