ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘယ်လ်ဂျီယံ ၀-၀ ခရိုအေးရှား ပွဲစဉ်မှာ ဘယ်လ်ဂျီယံရဲ့ အဓိက တိုက်စစ်မှူး လူကာကူက ဂိုးသမား မရှိတဲ့ ဂိုးအလွတ်ထဲကို ဂိုးကန်သွင်းခွင့် ၃ကြိမ် အထိ ရခဲ့ပေမယ့် သွင်းဂိုး ၁ဂိုးမှ မရရှိခဲ့ကြောင်း အံ့အားသင့်ဖွယ် သိရှိရပါတယ်။

လူကာကူရဲ့ ဘယ်လ်ဂျီယံက ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံးပွဲ အဖြစ် ခရိုအေးရှားနဲ့ ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ အနိုင်ရလဒ် ရခဲ့ရင် အုပ်စုအဆင့်ကို ကျော်လွှားကာ ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ဖို့ ရှိခဲ့ပေမယ့် လူကာကူ ဦးဆောင်တဲ့ တိုက်စစ်ပိုင်းက ရလာတဲ့ အခွင့်အရေး အတော်များများကို လွဲချော်ခဲ့တာကြောင့် လိုချင်တဲ့ အနိုင်ရလဒ်ကို မရခဲ့ပါဘူး။

Photo Credit: Talk Sports

ခရိုအေးရှားနဲ့ အုပ်စုနောက်ဆုံးပွဲမှာ သရေကျခဲ့တာကြောင့်ပဲ ဘယ်လ်ဂျီယံက အုပ်စုပွဲတွေ အပြီးမှာ ၁ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ရခဲ့ပြီး ရမှတ် ၄မှတ် အထိ စုဆောင်းနိုင်ခဲ့ပေမယ့် အုပ်စုဗိုလ် မော်ရိုကိုနဲ့ ရမှတ် ၃မှတ် ၊ အုပ်စု ဒုတိယ ခရိုအေးရှားနဲ့ ရမှတ် ၁မှတ် ကွာဟခဲ့တာကြောင့် အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာပါ။

ဘယ်လ်ဂျီယံ ၀-၀ ခရိုအေးရှား ပွဲစဉ်မှာ နိုင်ပွဲလိုနေတဲ့ ဘယ်လ်ဂျီယံက ခရိုအေးရှားကို ပွဲစပွဲဆုံး ဖိအားပေး ကစားခဲ့သလို ဂိုးသွင်းခွင့်တွေ အမြောက်အမြား ရခဲ့ပေမယ့် ဘယ်လ်ဂျီယံရဲ့ အားကိုးရတဲ့ တိုက်စစ်မှူးကြီး လူကာကူက ဘောလုံး ထိချက် မှန်ရုံနဲ့ သွင်းဂိုး ရနိုင်တဲ့ အခွင့်အရေး ၄ကြိမ်ကို အံ့အားသင့်ဖွယ် လွဲချော်ခဲ့တာကြောင့် သွင်းဂိုးတွေ မရခဲ့တာပဲ ဖြစ်ပါတယ်။

လူကာကူက ပွဲချိန် ၆၀မိနစ်မှာ ကာရက်စ်ကိုရဲ့ ပေးပို့မှု ကနေ ဂိုးသမား မရှိတဲ့ ဂိုးပေါက်ထဲကို ကန်သွင်းခွင့် ရခဲ့ပေမယ့် သူ့ရဲ့ ညာခြေကန်ချက်က ဂိုးတိုင်ကို ထိမှန်သွားခဲ့သလို ပွဲချိန် ၆၂မိနစ်မှာလည်း ဘယ်ခြမ်းကနေ ရောက်လာတဲ့ ဖြတ်တင်ဘောကို နေရာယူ မှားနေတဲ့ ဂိုးသမားကြောင့် ဂိုးအလွတ်ထဲ ခေါင်းတိုက်ခွင့် ရခဲ့ပေမယ့် သူ့ရဲ့ ခေါင်းတိုက်ချက်က ဂိုးဘားတန်းကို ကျော်သွားခဲ့ပါတယ်။

Photo Credit: Talk Sports

ဒါ့အပြင် လူကာကူက ပွဲချိန် ၈၆မိနစ်မှာ ညာခြမ်းကနေ ရောက်လာတဲ့ ဖြတ်တင်ဘောကို ပိတ်သွင်းခွင့် ရခဲ့ပေမယ့် သူ့ရဲ့ နေရာယူပုံ မှားယွင်းမှုကြောင့် ဘောလုံးဟာ ဘေးထွက်သွားခဲ့ရသလို ပွဲချိန် မိနစ် ၉၀မှာလည်း ခရိုအေးရှား ဂိုးသမားရဲ့ အမှားကနေ ဂိုးအလွတ်ထဲကို ဂိုးသွင်းနိုင်မယ့် အခွင့်အရေး ရခဲ့ပေမယ့် သူ့ရဲ့ လေးလံနေမှုကြောင့် ဘောလုံးကို ထိချက်မှန်အောင် မကန်သွင်းနိုင်ခဲ့ပါဘူး။

ဒါကြောင့်ပဲ ဘယ်လ်ဂျီယံ ပရိသတ်တွေက လူကာကူကို အသင်းရဲ့ ရှုံးပွဲအတွက် အဓိက တရားခံလို့ စွပ်စွဲ ပြစ်တင်နေကြပြီး လူကာကူကလည်း သူ့ရဲ့ အမှားတွေကြောင့် အသင်း ရှုံးခဲ့ရတာကို သိခဲ့လို့ ပွဲအပြီးမှာ ချုံးပွဲချ ငိုနေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။