ချန်ပီယံလိဂ်နဲ့ ဥရောပ စူပါဖလားတို့ရဲ့ လက်ရှိ ချန်ပီယံ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးအသင်းရဲ့ အသစ်စက်စက် တိုက်စစ်မှူး ဖြစ်သူ ရိုမီလူ လူကာကူကတော့ သူဟာ ငယ်စဉ်ထဲက ချယ်လ်ဆီးအသင်းကို အားပေးခဲ့တာကြောင့် အသင်းထံ ပြန်လည် ရောက်ရှိလာတာကို ပျော်ရွှင်မိကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

လူကာကူဟာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်ပြီး အသင်းမှာ ၂၀၁၁ခုနှစ် ကနေ ၂၀၁၄ခုနှစ် အထိ ကစားခဲ့ကာ ပြိုင်ပွဲစုံမှာ ၁၅ပွဲ အထိ ပါဝင် ကစားပေးခဲ့ပေမယ့် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိတာကြောင့် ချယ်လ်ဆီးအသင်း ကနေ အဲဗာတန်အသင်းထံ ပြောင်းရွှေ့ခဲ့ရသူပါ။

Photo Credit: Sky Sports

အဲဗာတန်အသင်းထံ ရောက်ရှိအပြီးမှာတော့ လူကာကူရဲ့ ခြေစွမ်းတွေဟာ တဟုန်ထိုး တိုးတက်လာခဲ့ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆိုရင်တော့ လူကာကူဟာ အင်တာမီလန်အသင်းကို စီးရီးအေ ချန်ပီယံ ဖြစ်အောင် အဓိက ကူညီပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အထောင်တိုက်စစ်မှူးစစ်စစ် တဦး လိုအပ်နေတဲ့ ချယ်လ်ဆီးအသင်းဟာ လူကာကူကို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၉၇.၅သန်းနဲ့ အင်တာမီလန်အသင်းထံ ကနေ ခေါ်ယူခဲ့တာ ဖြစ်ပြီး လူကာကူကိုတော့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Sky Sports

ချယ်လ်ဆီးအသင်းမှာတော့ လူကာကူဟာ တနှစ်ကို လုပ်ခလစာ အခွန်ဆောင်ပြီး ယူရို ၁၂သန်း ရရှိမှာ ဖြစ်ပြီး အပိုဆုကြေးတွေလည်း ရရှိဦးမယ်လို့ သိရပါတယ်။ လူကာကူကတော့ ချယ်လ်ဆီးအသင်းထံ ပြန်လည် ရောက်ရှိလာတာကို ပျော်ရွှင်နေပြီး အသင်းနဲ့အတူ အောင်မြင်မှုတွေ များစွာ ရရှိမယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။

လူကာကူက – “ဒီလို အသင်းကောင်း တသင်းကို ပြန်လည် ရောက်ရှိလာတဲ့ အတွက် ပျော်ရွှင်မိပါတယ်။ ကျွန်တော်က ချယ်လ်ဆီးအသင်းကို ငယ်ငယ်ထဲက အားပေးလာခဲ့တာပါ။ အသင်းက မျှော်မှန်းထားတဲ့ မျှော်မှန်းချက်တွေနဲ့ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်တွေက ကိုက်ညီမှု ရှိတာကြောင့် စီးရီးအေပြိုင်ပွဲရဲ့ ချန်ပီယံ တယောက်အနေနဲ့ ထွက်ခွာလာတာပါ။ အခွင့်အရေးက မှန်ကန်တဲ့ အချိန်မှာ ရောက်လာတာ ဖြစ်ပြီး ကျွန်တော်တို့တွေ အောင်မြင်မှုပေါင်း များစွာ ရယူနိုင်မှာ သေချာပါတယ်” လို့ ပြောကြားခဲ့တာပါ။